စစ်တွေ ဧပြီ ၇

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီက ရခိုင်ပြည်နယ် လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေက တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့) စတင်ကျင်းပကြောင်းနှင့် အထမြောက်ကြောင်း ကြေညာသည်။

 

ထို့နောက် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက အဆိုပြုလာသည့် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၏ အမည်စာရင်းနှင့် ပြည်နယ်ဝန်ကြီးများ၏ အမည်စာရင်းအဆိုပြုလာ ခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီကြသည်။

 

ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်းခံရသူ စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးက ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၏ အမည်စာရင်း၊ ပြည်နယ်ဥပဒေချုပ်၏ အမည်စာရင်းနှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့၏ အမည် စာရင်းများအား အဆိုပြုသည်။

 

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြှောက် ခြင်းခံရသူက အဆိုပြုလာသည့် ပြည်နယ်တရား လွှတ်တော်တရားသူကြီးများအဖြစ် ဦးအောင်ထွန်း သိန်း၊ ဒေါ်စောရွှေ၊  ပြည်နယ်ဥပဒေချုပ်အဖြစ် ဦးဝင်းမောင်၊ ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်သန်းကြည် တို့ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီကြသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

တင်ထွန်း(ပြန်/ဆက်)