မော်လမြိုင် ဧပြီ ၇
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက်ပိုင်း က မော်လမြိုင်မြို့ မွန်ပြည်နယ် လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရောက်ရှိနေရာယူ၍ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) အစည်းအဝေး စတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တာဝန်ပေးအပ်ရန် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ထံမှပေးပို့ထားသည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းနှင့် မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပေးပို့ထားသည့် ဝန်ကြီးဌာနများတွင် ဝန်ကြီးအဖြစ် ခန့်အပ်မည့်ပုဂ္ဂိုလ်များ၏ အမည်စာရင်း၊ ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့၏ အမည် စာရင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူက ပေးပို့ထားသည့် မွန်ပြည်နယ်အတွက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အမည်စာရင်းနှင့် မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူက ပေးပို့ထားသည့် မွန်ပြည်နယ်အတွက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
စည်သူ (ပြန်/ဆက်)


