ဟားခါး ဧပြီ ၇

 

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ် လွှတ်တော် အဆောက်အအုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ရာနှုန်းပြည့်တက်ရောက်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်း နှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။

 

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ချင်းပြည်နယ်လွှတ်တော်က အတည်ပြုထားသော ပြည်နယ်အစိုးရဝန်ကြီးဌာန ခုနစ်ခုတွင် ပြည်နယ် ဝန်ကြီးများအဖြစ် ခန့်အပ်နိုင်ရန် အဆိုပြုသည့် ပြည်နယ်ဝန်ကြီး ခုနစ်ဦး၏ အမည်စာရင်း အားတင်ပြပြီး တင်ပြသည့် ပြည်နယ်ဝန်ကြီးများသည် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီ ပြည့်စုံမှု ရှိ၊ မရှိ စိစစ်နိုင်ရေး နှင့်စပ်လျဉ်း၍ ချင်းပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဆွေးနွေး အတည်ပြုချက်ရယူ မည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကြေညာသည်။

 

ယင်းနောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူက ပြည်နယ်ဥပဒေချုပ်အဖြစ် ဦးကပ်တလွန်းအား လည်းကောင်း၊ ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ဦးမောင်မောင်ခင်အား လည်းကောင်း အဆိုပြုတင်ပြခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရန်မရှိသဖြင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် အဆိုပြုသည့် ဦးမြတ်စံနှင့် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူက ပြည်နယ်တရားလွှတ်တော် တရား သူကြီးများအဖြစ် အဆိုပြုသည့် ဒေါ်မန်ဟောက်နျန် နှင့် ဦးကျော်သောင်းအောင်တို့အား တင်ပြရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ရန်မရှိသဖြင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်း ကြေညာသည်။

ခရိုင် (ပြန်/ဆက်)