ဝါရှင်တန်   ဧပြီ   ၈

Artemis II မစ်ရှင်တွင် လိုက်ပါသွားသည့် အာကာသယာဉ်မှူးများက လ၏အမှောင်ဘက်ခြမ်းမှ ရိုက်ယူထားသော ဓာတ်ပုံများကို အမေရိကန်အာကာသအေဂျင်စီ နာဆာက   ထုတ်ဖော်ပြသလိုက်ကြောင်း    အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လကမ္ဘာစူးစမ်းလေ့လာရေးအစီအစဉ်၏ ပထမဆုံး လူလိုက်ပါအာကာသယာဉ်သည် လ၏ အမှောင်ဘက်ခြမ်းကို  ပျံသန်းပြီးနောက် ဧပြီ ၆ ရက်တွင် လူသားများ ကမ္ဘာမြေမှ အဝေးဆုံးအကွာအဝေးသို့ ရောက်ရှိစံချိန်သစ်တင်နိုင်ခဲ့သည်။ အဆိုပါဓာတ်ပုံများအနက်   တစ်ပုံကို လကမ္ဘာ၏   မြင်ကွင်းသစ် (A New  View of the Moon) ဟု အမည်ပေးထားပြီး ယင်းဓာတ်ပုံ၏ အနီးမြင်ကွင်းတွင် ကြီးမားသော လခြမ်းပုံသဏ္ဌာန်ကို မြင်တွေ့ရသည်။ ထို့အပြင်  နောက်ခံမြင်ကွင်းတွင် လခြမ်းပုံသဏ္ဌာန်ရှိသော ကမ္ဘာမြေကိုလည်း  မြင်တွေ့ရသည်။    ထို့ပြင်  ကမ္ဘာမြေမှ  မမြင်တွေ့နိုင်သော လ၏ အမှောင်ဘက်ခြမ်းရှိ ချိုင့်ခွက်များကိုလည်း ထင်ရှားစွာ မြင်တွေ့ရသည်။

အာကာသယာဉ်မှူးများသည် ဓာတ်ပုံထောင်ပေါင်းများစွာ ရိုက်ယူနိုင်ရန်  ကင်မရာပေါင်းများစွာကို အသုံးပြုခဲ့ကြောင်းနှင့်  လာမည့်ရက်များအတွင်း နောက်ထပ်ဓာတ်ပုံများကို ထုတ်ပြန်ပေးသွားဖွယ်ရှိကြောင်း  အာကာသအေဂျင်စီက  ပြောသည်။

အင်န်အိတ်ချ်ကေ