ဧပြီ ၉
အာဖဂန်နစ္စတန်နိုင်ငံတွင် ရာသီဥတုဆိုးရွားမှုကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၅ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ ၁၄၈ ဦး ရှိလာကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ယမန်နေ့က ပြောကြားခဲ့သည်။
အာဏာပိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ Hafiz Mohammad Yusuf Hammad က X အကောင့်တွင်တင်ထားသော ဗီဒီယိုမက်ဆေ့ချ်တစ်ခုတွင် ထိခိုက်ဒဏ်ရာရရှိသူအရေအတွက် ၂၁၆ ဦးအထိ မြင့်တက်လာပြီး မိုးရွာသွန်းမှုနှင့်ဆက်စပ်သောဖြစ်ရပ်များကြောင့် ထပ်မံပျောက်ဆုံးနေသူရှစ်ဦးရှိကြောင်း ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ အိမ်ပြိုကျမှု၊ မိုးကြိုးမုန်တိုင်းနှင့် မိုးကြိုးပစ်မှုများကြောင့် ထိခိုက်သေဆုံးမှုများဖြစ်ပွားခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် အိမ်ခြေ ၁၁၄၉ လုံး လုံးဝပျက်စီးခဲ့ပြီး အခြား ၅၀၁၀ လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်း Hammad က ပြောကြားခဲ့သည်။ လမ်းအရှည် ၃၆၆ ကီလိုမီတာ ရေတိုက်စားခြင်းခံရပြီး လယ်ယာမြေ ၁၆၇၀၀ ဧကရေလွှမ်းမိုးခံခဲ့ရသည်ဟု သိရသည်။
မကြာသေးမီနှစ်များအတွင်း မိုးခေါင်ရေရှားမှု အဆက်မပြတ်ဖြစ်ပေါ်ခဲ့ရာ လက်ရှိမိုးရွာသွန်းမှုများသည် ရေရှည်မိုးခေါင်ရေရှားမှုကို လျော့ပါးစေခဲ့သော်လည်း ဆင်းရဲနွမ်းပါးသောနိုင်ငံတစ်ဝန်းရှိ မိသားစုထောင်ပေါင်းများစွာကို ထိခိုက်စေသည့် ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြထားသည်။
လာမည့် ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားမည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားပြီး နိုင်ငံ၏ ပြည်နယ် ၃၄ ခုအနက် ၁၀ ခုကျော် ဝေးလံခေါင်သီပြီး ထိခိုက်လွယ်သော ခရိုင်များတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်သည့်အတွက် သတိပေးချက်အသစ်များ ထုတ်ပြန်ထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


