အေသင်   ဧပြီ   ၉

ဂရိနိုင်ငံတွင် အသက် ၁၅ နှစ်အောက်ရှိသူများအား ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍  လူမှုမီဒီယာသုံးစွဲခွင့်  ပိတ်ပင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ကီယာကို့စ် မစ်ဆိုတာကီစ်က ဧပြီ ၈ ရက်တွင် ပြောကြားသည်။ မိမိအနေဖြင့် မိဘအုပ်ထိန်းသူများနှင့်ကလေးများ ယင်းကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပြီးနောက် ယခုဆုံးဖြတ်ချက်ကို ချမှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကလေးများ၏ အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုများရှိခြင်းနှင့် မိုဘိုင်းဖုန်းများအား အလွန်အကျွံသုံးစွဲခြင်းတို့အပေါ် ပူပန်မှုများရှိကြောင်း မိဘအုပ်ထိန်းသူများက ပြောကြားသည်။  ကလေးများသည် မိုဘိုင်းဖုန်းများကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းကြောင့် မှတ်ဉာဏ်များချို့ယွင်းလာသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။ လူမှုမီဒီယာပိတ်ပင်မှုဆိုင်ရာ လုပ်ငန်းမူဘောင်ကို ယခုနှစ်နွေရာသီတွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်အစပိုင်းတွင် အသက်ဝင်မည်ဖြစ်သည်။

 ယခုကဲ့သို့သော ဆောင်ရွက်ချက်ကို ကလေးများက ဆန့်ကျင်မည်ဖြစ်သော်လည်း ကလေးများ၏ အကျိုးအတွက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း   ၎င်းက ပြောကြားသည်။                    

ကိုးကား - ဆင်ဟွာ

ဘာသာပြန်- စိုးသူရ