ဂျီနီဗာ   ဧပြီ   ၉

အရှေ့အလယ်ပိုင်းဒေသပဋိပက္ခကြောင့် ကမ္ဘာလုံးဆိုင်ရာ အစားအသောက်ဈေးနှုန်းမြင့်တက်မှုနှင့် အစားအသောက်မလုံလောက်မှုပြဿနာများ ကြုံတွေ့ရနိုင်ဖွယ်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့က သတိပေးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကြီးသုံးခုမှ အကြီးအကဲများသည်  ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပဋိပက္ခနှင့်   အစားအသောက်လုံလောက်မှုမရှိခြင်းတို့ကို   ဆွေးနွေးခဲ့ကြပြီး  ဧပြီ ၈ ရက်က သတင်းထုတ်ပြန်ခဲ့သည်။  

ပဋိပက္ခသည် အရှေ့အလယ်ပိုင်းဒေသတွင်သာမက အခြားသောဒေသများ၌ပါ လူမှုဘဝများနှင့် အသက်မွေးဝမ်းကျောင်းများကို ထိခိုက်စေပြီး ခေတ်သစ်ကာလတစ်လျှောက် ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို အကြီးမားဆုံး နှောင့်ယှက်ဖျက်ဆီးမှုများထဲမှ တစ်ခုဖြစ်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  စက်သုံးဆီဈေး၊ ဓာတ်ငွေ့ဈေးနှင့် မြေဩဇာဈေးနှုန်းများမြင့်တက်လာခြင်းနှင့်အတူ သယ်ယူပို့ဆောင်ရေး ပိတ်ဆို့မှုများကြောင့် အစားအသောက်ဈေးနှုန်းများ ဆက်လက်ကြီးမြင့်စေပြီး အစားအသောက်မလုံလောက်မှုပြဿနာကို ဖြစ်ပေါ်စေသည်ဟု ထည့်သွင်းဖော်ပြထားသည်။ 

ထို့ပြင် ဝင်ငွေနည်းပါးပြီး သွင်းကုန်အပေါ်  မှီခိုအားထားနေရသည့် စီးပွားရေးအားနည်းသောနိုင်ငံများအပေါ်တွင် သက်ရောက်မှုပိုမိုပြင်းထန်လာနိုင်သည်ဟုလည်း ဖော်ပြထားသည်။ 

ဟော်မုဇ်ရေလက်ကြားအခြေအနေအပါအဝင် အရှေ့အလယ်ပိုင်းဒေသတည်ငြိမ်မှုမရှိပါက ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ် ပို၍ဆိုးရွားလာနိုင်သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်  လက်ထောက်အမှုဆောင်ဒါရိုက်တာ ရာနီယာ ဒါဂက်ရှ် -ကာမာရာက ယခုလ အစောပိုင်းတွင် အင်န်အိတ်ချ်ကေသို့ ပြောသည်။                    

အင်န်အိတ်ချ်ကေ