မြစ်ကြီးနား     ဧပြီ     ၂၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မြစ်ကြီးနားတက္ကသိုလ်က နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၁၉  ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ရှိ Guangxi Economic and Trade Vocational Institute (GXETVI)  ၌   "Fashion   and Apparel Design"  ဘာသာရပ်ဖြင့် သုံးနှစ်တာ  ဒီပလိုမာသင်တန်း (Diploma in  Fashion and Apparel Design) ကို ပညာသင်ဆု (Full  Scholarship)ဖြင့် တက်ရောက်ရန်အတွက် ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ  ထွက်ခွာသွားသည်။

ယခုကဲ့သို့   သွားရောက်ပညာသင်ကြားခြင်းဖြင့် ပြည်တွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ(SMEs)အတွက် အဓိကကျသော  အထည်အလိပ်နှင့် ဒီဇိုင်းကဏ္ဍ၌ ခေတ်မီနည်းပညာရှင်များ ပေါ်ထွက်လာစေရန်နှင့် ကုန်ကြမ်းတင်ပို့မှုထက် နိုင်ငံတကာအဆင့်မီ တန်ဖိုးမြှင့်ကုန်ချော များကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲထုတ်လုပ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ  ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊  ထို့ပြင် တရုတ်နိုင်ငံ၏ ခေတ်မီနည်းပညာများကို သင်ယူခွင့်ရရှိခြင်း ကြောင့် ပြည်တွင်းရှိ သက်မွေးပညာကဏ္ဍ(TVET)ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမည့် နည်းပညာ ကူးပြောင်းမှုများရရှိစေရန်လည်း  မျှော်မှန်းထားကြောင်း သိရသည်။

အဆိုပါ ကျောင်းသား ကျောင်းသူများသည် ဧပြီ  ၂၇ ရက်မှစတင်၍ သင်တန်းများကို  တက်ရောက်ကြမည်ဖြစ်ပြီး ယခုပူးပေါင်းဆောင်ရွက်မှုသည် မြစ်ကြီးနားတက္ကသိုလ်၏ နိုင်ငံတကာပညာရေးကဏ္ဍမြှင့်တင်မှုအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်ကာ ဤကဲ့သို့  နိုင်ငံတော်အတွက် ဘဏ္ဍာငွေကုန်ကျမှုမရှိဘဲ ပြည့်စုံသောပညာသင်ဆုအစီအစဉ်ဖြင့် အရည်အသွေးမြင့်ပညာရပ်များကို သင်ယူခွင့်ရရှိခြင်းသည် နိုင်ငံတော်နှင့် တက္ကသိုလ်အတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း(မြိတ်)