ကဘူး ဧပြီ ၂၃
အာဖဂန်နစ္စတန်နိုင်ငံက လွန်ခဲ့သည့်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ ကော်ဇောများကို နိုင်ငံပေါင်း ၃၇ နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
အဆိုပါပို့ကုန်များသည် အမေရိကန်၊ တူကီယဲနှင့် ဥရောပဈေးကွက်များအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံအတွင်း၌ ကော်ဇောများ တိုးချဲ့လုပ်ဆောင်ခြင်းဖြင့် ပြည်သူ ၅၀၀၀၀ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ကြောင်း အာဖဂန်နစ္စတန် ကော်ဇောသမဂ္ဂအကြီးအကဲ အက်ဘ်ဒူလာရာမန်ကွာက ပြောကြားသည်။
အာဖဂန်နစ္စတန် ကော်ဇောသမဂ္ဂက ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်များသို့ ပိုမိုကောင်းမွန်စွာ မိတ်ဆက်နိုင်ရန်နှင့် အာဖဂန်ကော်ဇောများအတွက် ဝယ်ယူမည့် နိုင်ငံအသစ်များကိုလည်း ဆွဲဆောင်နိုင်ရန် ပြပွဲအရေအတွက်များကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကော်ဇောလုပ်ငန်းသည် နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းပြီးနောက် ဒုတိယအကြီးဆုံး ကဏ္ဍဖြစ်ပြီး ပြည်သူ ၁ ဒသမ ၂ သန်းအတွက် အလုပ်အကိုင်များ ဖန်တီးပေးလျက်ရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


