တီဟီရန် ဧပြီ ၂၃
အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းခွန်ကို ပထမဆုံးအကြိမ်အဖြစ် ကောက်ခံရရှိခဲ့ကြောင်း အီရန်နိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ကိုးကား၍ တက်စ်မင်သတင်း အေဂျင်စီက ဧပြီ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
၎င်းရေလက်ကြားမှ ဖြတ်သန်းမည့် သင်္ဘောအမျိုးအစား၊ ကုန်တင်မည့်ပမာဏနှင့် အခြားအချက်အလက်များပေါ်မူတည်၍ အီရန်က ဖြတ်သန်းခွန်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းမှုဆိုင်ရာ ပထမဆုံးဝင်ငွေကို ဗဟိုဘဏ်ငွေစာရင်းသို့ ထည့်သွင်းခဲ့ကြောင်း အီရန်ပါလီမန် ဒုတိယဥက္ကဋ္ဌ ဟာမစ်ရီဇာ ဟာဂျီဘာဘိုင်က ပြောကြားသည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအား ယခုနှစ် ဖေဖော်ဝါရီ ၂၈ရက်တွင် တိုက်ခိုက်ခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့်ကို အီရန်က ထိန်းချုပ်ဆောင်ရွက်ခဲ့သည်။ ပါကစ္စတန် နိုင်ငံတွင်ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မအောင်မြင်ခဲ့ပြီးနောက် အီရန်နိုင်ငံသို့ ဝင်/ထွက်သွားလာမည့် သင်္ဘောများအား အမေရိကန်က ပိတ်ဆို့မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန် -စိုးသူရ


