ဘန်လေအသင်းနဲ့ မန်စီးတီးအသင်းတို့ ဧပြီ ၂၃ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းက ဘန်လေအသင်းကို အနိုင်ရပြီး ပရီမီယာလိဂ်အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။
ဘန်လေအသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာ ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ မန်စီးတီးအသင်းက ပထမပိုင်းပွဲကစားချိန် ငါးမိနစ်မှာရရှိခဲ့တဲ့ တိုက်စစ်မှူးဟာလန်းရဲ့ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ အခုပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးဟာလန်းဟာ ဘန်လေအသင်းနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ငါးပွဲမှာ သွင်းဂိုးရှစ်ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဘန်လေအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ် (၃၃) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၇၀ အထိ စုဆောင်းနိုင်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်တူနေပေမယ့် ထိပ်တိုက်တွေ့ဆုံမှုမှာ အနိုင်ရရှိထားတာကြောင့် မန်စီးတီးအသင်းက ဇယားထိပ်သို့ တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ ဘန်လေအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပြိုင်ပွဲပြီးဆုံးဖို့ ငါးပွဲကျန်အနေအထားမှာ ဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ကာ ပရီမီယာလိဂ်ဖလားချန်ပီယံ ဖြစ်လာ နိုင်မယ့် အခွင့်အရေးနဲ့ နီးစပ်လာခဲ့ပြီး ဘန်လေအသင်းကတော့ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်ပြိုင်ပွဲကနေ ချန်ပီယံရှစ်ပြိုင်ပွဲဆီတန်းဆင်းရဖို့ သေချာသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဘန်လေအသင်းကို အနိုင်ရရှိခဲ့တာကြောင့် တန်းတက်အသင်းတွေနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ် (၃၀)မှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် မန်စီးတီးအသင်းဟာ ပရီမီယာလိဂ်နောက်ဆုံး ၁၁ ပွဲမှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် နည်းပြဂွာဒီယိုလာလက်ထက် ဘောလုံးရာသီ ကိုးရာသီအတွင်းမှာ ပရီမီယာလိဂ်ဖလားကို ခုနစ်ကြိမ်အထိ ဆွတ်ခူးနိုင်မယ့်အခွင့်အရေးနဲ့လည်း နီးစပ်လာခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


