အာဆင်နယ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ ဧပြီ ၂၅ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းက နယူးကာဆယ်အသင်းကို အနိုင်ရပြီး အမှတ်ပေးဇယားထိပ်၌ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ပထမပိုင်း ပွဲကစားချိန် ၉ မိနစ်မှာ ရရှိခဲ့တဲ့ တိုက်စစ်မှူး အက်ဇီ ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ နယူးကာဆယ် အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး အဖိုးတန်သုံးမှတ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
သုံးမှတ်ဖြတ်ထားနိုင်ခဲ့
အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၃၄) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၇၃ မှတ် စုဆောင်းနိုင်ခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးအသင်းကို သုံးမှတ်ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ အခုပွဲစဉ်မှာ အနိုင် သုံးမှတ်ရယူနိုင်ခဲ့ပေမယ့် အသင်းအတွက် အားထားရတဲ့ ကစားသမားတွေဖြစ်တဲ့ ကိုင်ဟာဗက်ဇ်နဲ့ အက်ဇီတို့ ဒဏ်ရာပြဿနာ ကြုံခဲ့ရတာကြောင့် အသင်းအတွက် နစ်နာမှုတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။
နယူးကာဆယ်အသင်းကတော့ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့်(၁၃)နေရာ တက်လှမ်းမယ့်အခွင့်အရေးနဲ့ လွဲခဲ့ရပြီး အဆင့်(၁၄)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ငွေကြယ် - ရေးသားသည်


