မင်းဘူး ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာ၌ ဖူးစားပြောင်းများစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဖူးစားပြောင်းများစိုက်ပျိုးရာတွင် အစိုဓာတ် ကောင်းစွာရရှိရန် လိုအပ်ပြီး နွေနှင့်ဆောင်းရာသီများတွင် စိုက်ပျိုးလျှင် ရေသွင်း၍ မြေအစိုဓာတ် လုံလောက်စွာရရှိရန် ပြုလုပ်ပေးရသည်။ စိုက်ပျိုးပြီး အပင်များကြီးထွား၍ ဝတ်ဆံတည်ချိန်တွင် အပင်များအား ထိခိုက်ပြီး ဝတ်ဆံကြွေလွင့်မသွားအောင် ဂရုစိုက်ပေးရသည်။ ဝတ်ဆံများပျက်စီးပြီး ကြွေကျသွားပါက ပြောင်းဖူးစေ့အောင်မြင်မှု လျော့ကျသွားနိုင်သောကြောင့်ဖြစ်သည်။
သုံးလအတွင်းခုတ်၍ ရောင်းချနိုင်
ဖူးစားပြောင်းများကို စိုက်ပျိုးပြီး နှစ်လအကြာတွင် ဖူးစပြုကာ သုံးလအတွင်းခုတ်၍ ရောင်းချနိုင်သည်။ ပြောင်းဖူးပင်များကို စနစ်တကျ စိုက်ပျိုးထားပါက ပြောင်းဖူးအထွက်နှုန်းများ ပို၍ကောင်းစေသည်။ ဖူးစားပြောင်းများကို ပြောင်းကြမ်း၊ သကြားပြောင်း၊ ပြောင်းစေးဟူ၍ သုံးမျိုးရှိပြီး ပြောင်းကြမ်းမှာ တိရစ္ဆာန်များအတွက်သာ အသုံးပြုစိုက်ပျိုးကြသည်၊၊
ပြောင်းဖူးများ စိုက်ပျိုးရာတွင် ကြဲပက်ခြင်း၊ အတန်းလိုက် အစေ့ချစိုက်ပျိုးခြင်း စသည်ဖြင့် အမျိုးမျိုးရှိသော်လည်း အတန်းလိုက် အစေ့ချ၍ စနစ်တကျ စိုက်ပျိုးခြင်းဖြင့် ရေသွယ်ခြင်း၊ ဆေးဖျန်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည့်အတွက် ပြောင်းဖူးပင်များ ပို၍ရှင်သန်ကြီးထွားပြီး အဖူးများကိုလည်း ချောစေသည်။ ပြောင်းဖူးပင်များမှာ တစ်ဧက အပင်ရေ ၁၀၀၀၀ ဝန်းကျင်ရှိပြီး တစ်ပင်ကို သုံးဖူး/လေးဖူး အထိဖူးကာ ပြောင်းစိုက်ပျိုးသူများမှာ အဆင်ပြေနေကြပြီး ဝင်ငွေကောင်းနေကြကြောင်း မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာ ဖူးစားပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)


