မေ ၅

ဂျပန်နိုင်ငံ၏ အသက် ၁၅ နှစ်အောက် ကလေးဦးရေသည် ဧပြီလ ၁ ရက်နေ့အထိ ခန့်မှန်းခြေအားဖြင့် ၁၃ ဒသမ ၂၉ သန်းအထိ ကျဆင်းသွားခဲ့ရာ ယခင်နှစ်ကထက် ၃၅၀၀၀၀ ကျဆင်းသွားပြီး စံချိန်တင်အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း ဂျပန်အမျိုးသား ကလေးများနေ့ မတိုင်မီ တစ်ရက်အလို ယမန်နေ့ကထုတ်ပြန်ခဲ့သော အစိုးရအဖွဲ့၏ အချက်အလက်များအရ သိရသည်။

ဂျပန်အစိုးရက ကလေးမွေးနှုန်းကျဆင်းမှုကိုဖြေရှင်းရန် ကြိုးပမ်းမှုများပြုလုပ်နေသော်လည်း ကလေးမွေးဖွားမှုနှုန်း ကျဆင်းမှုသည် ၄၅ နှစ်ဆက်တိုက် ဆက်လက်ကျဆင်းနေဆဲဖြစ်သည်။ ထိုကြိုးပမ်းမှုများတွင် ကလေးထိန်းသိမ်းရေးမိသားစုများအတွက် ငွေကြေးအထောက်အပံ့များ တိုးချဲ့ပေးခြင်းတို့ ပါဝင်သည်ဟု သိရသည်။

စုစုပေါင်းလူဦးရေတွင် အသက် ၁၅ နှစ်အောက် ကလေးဦးရေသည် ယခင်နှစ်ကထက် ၀ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး ၁၀ ဒသမ ၈ ရာခိုင်နှုန်းအထိ ရောက်ရှိကာ ၁၉၅၀ ခုနှစ်တွင် နှိုင်းယှဉ်နိုင်သော အချက်အလက်များရရှိနိုင်ပြီးနောက်ပိုင်း အနိမ့်ဆုံးဖြစ်ကြောင်း ပြည်ထဲရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံခြားသားများပါဝင်သည့်ယင်းကိန်းဂဏန်းများသည် ငါးနှစ်တစ်ကြိမ်ပြုလုပ်သည့် အမျိုးသား သန်းခေါင်စာရင်းမှ ရရှိသော လူဦးရေခန့်မှန်းချက်များကို အခြေခံ၍ တွက်ချက်ခဲ့ခြင်းဖြစ်သည်။

ကျား၊မ အလိုက် ယောက်ျားလေးဦးရေ ၆ ဒသမ ၈၁ သန်းနှင့် မိန်းကလေးဦးရေ ၆ ဒသမ ၄၈ သန်းရှိကြောင်း ထိုအချက်အလက်များအရ သိရသည်။

အသက်အရွယ်အလိုက် ကလေးဦးရေ ၃ ဒသမ ၀၉ သန်းသည် အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြားအရွယ်များဖြစ်ပြီး မွေးကင်းစမှအသက် နှစ်နှစ်အရွယ်အထိ ကလေးဦးရေ ၂ ဒသမ ၁၃ သန်းသာရှိရာ ထိုကိန်းဂဏန်းများသည် မွေးဖွားမှုနှုန်း ဆက်လက်ကျဆင်းလျက်ရှိသည်ကို ညွှန်ပြကြောင်း ဖော်ပြထားသည်။

ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကနဦးအချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ မွေးဖွားသော နိုင်ငံခြားသားများ အပါအဝင် ကလေးဦးရေ ၇၀၅၈၀၉ ဦးဖြင့် စံချိန်တင် အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ရာ ၁၀ နှစ်ဆက်တိုက် ကျဆင်းမှုဖြစ်သည်ဟု သိရသည်။

ဂျပန်နိုင်ငံ၏ ကလေးဦးရေသည် ၁၉၅၄ ခုနှစ်တွင် ၂၉ ဒသမ ၈၉ သန်းအထိ အမြင့်ဆုံးရောက်ရှိပြီးနောက် ၁၉၈၂ ခုနှစ်မှစ၍ ကျဆင်းလာခဲ့သည်။ ၁၉၇၁ ခုနှစ်မှ ၁၉၇၄ ခုနှစ်အတွင်း ကလေးမွေးဖွားမှု ဒုတိယအကြိမ်မြင့်တက်လာခဲ့သည်။

ကုလသမဂ္ဂ၏ စစ်တမ်းတစ်ခုအရ လူဦးရေ ၄၀ သန်း သို့မဟုတ် ထို့ထက်ပိုသော နိုင်ငံပေါင်း ၃၈ နိုင်ငံတွင် ဂျပန်နိုင်ငံသည် ကလေးဦးရေ ဒုတိယအနိမ့်ဆုံးဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံသည် ၁၀ ဒသမ ၂ ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံးဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို