ရန်ကုန်     မေ      ၆

၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ  အုပ်စုပထမနေ့ကို  မေ ၅ ရက်  ညပိုင်းက ဆော်ဒီအာရေဗျနိုင်ငံ၌ စတင်ကျင်းပရာ မြန်မာအသင်းသည် အိမ်ရှင်ဆော်ဒီအာရေဗျ အသင်းကို အရေးနိမ့်ခဲ့သည်။

အုပ်စုပထမနေ့တွင် အုပ်စု (A) ပွဲစဉ်များ၌ အိမ်ရှင်ဆော်ဒီအာရေဗျအသင်းက မြန်မာအသင်းကို လေးဂိုး-ဂိုးမရှိ၊ တာဂျစ်ကစ္စတန်အသင်းက ထိုင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊  အုပ်စု (B) ပွဲစဉ်များ၌  ဂျပန်အသင်းက  ကာတာအသင်းကို သုံးဂိုး-တစ်ဂိုး၊ အင်ဒိုနီးရှားအသင်းက တရုတ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် အဖွင့်ပွဲတွင် ဂိုးပြတ်အရေးနိမ့်သဖြင့် နောက်တစ်ဆင့်တက်ရန် လက်ကျန်နှစ်ပွဲတွင် အမှားလုပ်၍မရသည့် အနေအထားဖြစ်သွားသည်။

အိမ်ရှင်ဆော်ဒီအာရေဗျအသင်းသည် ပွဲစကတည်းက ဖိအားပေးခဲ့ပြီး သုံးမိနစ်မှာပင် အလီမာကီက အဖွင့်ဂိုးသွင်းယူပေးခဲ့သည်။ ၂၃ မိနစ်တွင် အလီမာကီကပင် ဒုတိယဂိုးထပ်သွင်းကာ ပထမပိုင်းအပြီးတွင်  ဆော်ဒီအာရေဗျအသင်းက နှစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင် ဆော်ဒီအာရေဗျအသင်း ပင်နယ်တီကန်ခွင့်နှစ်ကြိမ်ရခဲ့ပြီး ပထမ ပင်နယ်တီကို မြန်မာဂိုးသမား ထက်ဝေယံ ကာကွယ်နိုင်သော်လည်း ပြန်ပိတ်ပြီး ဂိုးရယူခဲ့ခြင်းဖြစ်သည်။ ဆော်ဒီအာရဗျအသင်းအတွက် အနိုင်ဂိုးများကို ၅၈ မိနစ်တွင် ဖာရစ်နှင့် ၇၄ မိနစ်တွင် ဒါဝါဆာရီတို့က သွင်းယူခဲ့သည်။

မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် မြန်မာစံတော်ချိန် မေ ၁၀ ရက် နံနက် ၀၀ နာရီတွင် တာဂျစ်ကစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MFF