ကဘူးလ် မေ ၆
အာဖဂန်နစ္စတန်နိုင်ငံသည် ကမ္ဘာပေါ်တွင် မိခင်သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ အစီရင်ခံဖော်ပြ ချက်အရ သိရသည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် ကာကွယ်၍ရသော နောက်ဆက်တွဲပြဿနာရပ်များကြောင့် ကလေးအရှင်မွေးမိခင် ၁၀၀၀၀၀ တွင် ၅၂၁ ဦး သေဆုံးကြောင်း သိရသည်။
ကလေးမီးဖွားရခက်ခဲပြီး အချိန်ကြာမြင့်စွာ အားစိုက်မွေးရသောကြောင့် မွေးလမ်းကြောင်းထိခိုက်မှုဝေဒနာ၊ ဆီး၊ ဝမ်းမထိန်းနိုင်တော့သည့်အတွက် နာတာရှည်ကျန်းမာရေးပြဿနာများဖြစ်၍ လူမှုအသိုင်းအဝိုင်း၏ ဖယ်ကြဉ်ခြင်းခံရသူများမှာ ကလေးမီးဖွားပြီး နောက်ဆက်တွဲအခြေအနေများစွာ ကြုံတွေ့နေရကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။
ထိုကဲ့သို့ခံစားရသော အမျိုးသမီးအများစုသည် လူမှုအသိုင်းအဝိုင်းနှင့် ဝင်ငွေရအလုပ်များ လုပ်ကိုင်ခြင်းတို့တွင် အံဝင်ခွင်ကျမရှိ၊ နေရာမရတော့ဘဲ ဆိုးရွားသည့်စိတ်ပိုင်းဆိုင်ရာဖိအားများကိုပါ ခါးစည်းခံစားနေရသည်ကိုလည်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
မွေးလမ်းကြောင်းထိခိုက်မှုဝေဒနာမှာ အမျိုးသမီးများ၏ ဘဝနှင့်ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေသော်လည်း ယင်းအမှန်တရားကိုပြသကာ ကုသခြင်းများ မရှိသလောက်နည်းပါးသည့် လူမသိသူမသိပြဿနာတစ်ခုအဖြစ်ရှိနေကြောင်း၊ လုံလောက်သည့် အာရုံစိုက်ဖြေရှင်းမှု၊ ကုသပေးမှုလည်းမရှိကြောင်း သိရသည်။ အဆိုပါ ဝေဒနာခံစားရသည့် အမျိုးသမီးများမှာ အရှက်တရားနှင့် ခွဲစိတ်ကုသရန် အကန့်အသတ်များရှိနေပြီး ကုသပါက ပျောက်ကင်းနိုင်သည်ကို မသိရှိကြဘဲ စိတ်ဒုက္ခရှည်ကြာစွာ ခံစားနေကြရကြောင်း သိရသည်။
ဆင်ဟွာ


