မက်ဒရစ် မေ ၆
ဟန်တာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေသော အပျော်စီးသင်္ဘောတစ်စင်းအား ကနေရီကျွန်းစုတွင် ဆိုက်ကပ်ခွင့်ပြုရန်တောင်းဆိုမှုကို စပိန်နိုင်ငံ ကနေရီကျွန်းစု ဒေသဆိုင်ရာအစိုးရခေါင်းဆောင် ဖာနန်ဒို ကလာဗီဟိုက မေ ၆ ရက်တွင် ငြင်းဆန်ခဲ့ပြီး စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်ချက်ဇ်နှင့် အရေးပေါ်တွေ့ဆုံရန် တောင်းဆိုထားသည်။
သင်္ဘောသည်နည်းပညာပိုင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသကဲ့သို့ ဒေသခံအာဏာပိုင်များအနေဖြင့် အများပြည်သူလုံခြုံရေးကို အာမခံနိုင်ရန် လုံလောက်သောသတင်းအချက်အလက် များ မရရှိသေးကြောင်းနှင့် အဆိုပါသင်္ဘောအား ကနေရီကျွန်းစုတွင် ဆိုက်ကပ်ခြင်းမပြုလုပ်နိုင်စေ ရန် လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
MV Hondius အမည်ရှိ နယ်သာလန်အလံတင်အပျော်စီးသင်္ဘောသည် ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားပြီးနောက် လက်ရှိတွင် ကိပ်ဗာဒီနိုင်ငံအနီး၌ ကျောက်ချထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ သင်္ဘောပေါ်တွင် အတည်ပြုလူနာခုနစ်ဦးရှိပြီး သုံးဦး သေဆုံးခဲ့သည်။ ဟန်တာဗိုင်းရပ်စ် သည် အများအားဖြင့် ကူးစက်ခံရသော ကြွက်များ၏ ဆီး၊ မစင်နှင့် တံတွေးတို့မှတစ်ဆင့် ထိတွေ့ကူးစက်နိုင်သည့် ဗိုင်းရပ်စ်ဖြစ်သည်။ WHO က Andes မျိုးကွဲ ဟန်တာဗိုင်းရပ်စ်နှင့်ပတ်သက်၍ လူမှ လူသို့ ကူးစက်နိုင်မှုရှားပါးဖြစ်စဉ်ရှိနိုင်ကြောင်း စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဥရောပသမဂ္ဂနှင့် WHO ၏ တောင်းဆိုချက်များအရ အပြည်ပြည်ဆိုင်ရာဥပဒေနှင့်လူသားချင်းစာနာမှုဆိုင်ရာ စည်းမျဉ်းများနှင့်အညီ စပိန်ကျန်းမာရေးဝန်ကြီးဌာနက သင်္ဘောအားဆိုက်ကပ်ခွင့်ပေးပြီး လိုအပ်သော ကျန်းမာရေးလုပ်ထုံးလုပ်နည်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မေ ၅ ရက်တွင် ပြောကြားခဲ့သည်။
ဆင်ဟွာ


