နေပြည်တော် မေ ၉
ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ်၂၉၂ ဒသမ ၅ သိန်း၊ ကလေးဝမြို့၌ ငွေကျပ်သိန်း ၁၂၀၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ငွေကျပ် သိန်း ၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ မေ ၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီးတွင် နောင်ချိုမြို့နယ် ဈေးကုန်းကျေးရွာနေ ဦးသက်(ခ)ဝင်းကို(၄၆)နှစ် မောင်းနှင်ပြီး ဇနီး ဖြစ်သူ မယဉ်ဝင်းမြိုင်(ခ)မကြီး(၄၂)နှစ် လိုက်ပါလာသောဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀၀ (တစ်ပြား လျှင်ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၉၂ ဒသမ ၅ သိန်း) သိမ်းဆည်းရမိသဖြင့် ဦးသက်(ခ) ဝင်းကိုနှင့် မယဉ်ဝင်းမြိုင်(ခ)မကြီးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားသည်။
ထို့အတူ မေ ၇ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးဝမြို့ အမှတ်(၂)ရပ်ကွက် အောင်မင်္ဂလာလမ်းတွင် ကလေးဝမြို့နယ် အုန်းပင်စုရွာနေ စိုးလင်းမင်း(၂၃)နှစ် မောင်းနှင်လာ သော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၁၂၀) သိမ်းဆည်းရမိသဖြင့် စိုးလင်းမင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။
အလားတူ မေ ၇ ရက် ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် (၁၃) ရပ်ကွက် မန္တလေးလမ်းနှင့် စစ်တွေလမ်းထောင့်တွင် လမ်းလျှောက်လာသူ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် (၇)ရပ်ကွက်နေ လှိုင်မျိုးကျော်(ခ)ကျော်ကြီး(၃၈)နှစ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၃၀) သိမ်းဆည်းရမိပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းနေထိုင်သည့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် (၇)ရပ်ကွက်ရှိနေအိမ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀ တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုး ငွေကျပ်သိန်း ၃၀ ထပ်မံသိမ်းဆည်းရမိသဖြင့် လှိုင်မျိုးကျော်(ခ)ကျော်ကြီးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်


