နေပြည်တော် မေ ၁၀
ချမ်းမြသာစည်၊ ပုသိမ်ကြီးနှင့် စဉ့်ကိုင်မြို့နယ်တို့တွင် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချသူများကို ငွေကျပ် သုံးဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၁ သိန်းကျော်နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၃၀ ရက် ညနေ ၅ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်ရှိ တည်းခိုခန်းတွင် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချနေသူများ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ မဖြူစင်တင်လှ (ခ) ဖြူစင်နှင့် မဇွန်ဇင်ဦး (ခ) မိုင်လီတို့ နှစ်ဦးကို စိတ်ကြွဆေးပြား ၁၁၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ယင်းနေ့ ညနေ ၆ နာရီအချိန် ပုသိမ်ကြီးမြို့နယ် မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာနေ မမာလာကို စိတ်ကြွဆေးပြား ၁၆၀ နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ မေ ၁ ရက် မွန်းတည့် ၁၂ နာရီတွင် ပုသိမ်ကြီးမြို့နယ် ကွေ့ကြီးကုန်းကျေးရွာ ရေတံခွန်တောင်ရပ်တွင် မနီလာခိုင် (ခ) လွယ်နူး (ခ) ဘောပြားကို စိတ်ကြွဆေးပြား ၂၄၀၀၀၊ NISSAN TIIDA မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ယင်းနေ့မွန်းလွဲ ၁ နာရီတွင် စိတ်ကြွဆေးပြားများ ရောင်းချခိုင်းသူ အောင်ရဲကျော် (ခ) မြင့်ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ်ရှိ မအားဖန် (ခ) ဆိုင်ဘန်း၏နေအိမ်၌ သိမ်းဆည်းထားသည့် စိတ်ကြွဆေးပြား ၁၄ ဒသမ ၇ သိန်း ကိုလည်းကောင်း၊ စဉ့်ကိုင်မြို့နယ်ရှိ ၎င်းငှားရမ်းထားသည့်နေအိမ်တွင် သိမ်းဆည်းထားသည့် စိတ်ကြွဆေးပြား ၆ ဒသမ ၀၆ သိန်း ကိုလည်းကောင်း ဆက်လက်သိမ်းဆည်းရမိခဲ့သဖြင့် ဖမ်းဆီးမှုဖြစ်စဉ်တွင် စုစုပေါင်း ဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၁၆၂၅၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၁ ဒသမ ၀၀၂၇၅ သိန်း သိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နေ အားယုံ (ဖမ်းဆီးရန်ကျန်) မှ မန္တလေးမြို့တွင် ဖြန့်ဖြူးရောင်းချရန် ပေးပို့ထားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


