ဂျကာတာ မေ ၁၁
(၄၈)ကြိမ်မြောက် အာဆီယံခေါင်းဆောင်များ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် အာဆီယံခေါင်းဆောင်များသည် စွမ်းအင်လုံခြုံရေး၊ စားရေ ရိက္ခာဖူလုံရေးနှင့် ကမ္ဘာတစ်ဝန်းရှိ အာဆီယံနိုင်ငံသားများ၏ လုံခြုံရေးကိစ္စများကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုကင်ဟွန်က မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ကာအိုက အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ မိန့်ခွန်းပြောကြားရာတွင် မေ ၈ ရက်က ဖိလစ်ပိုင်နိုင်ငံတွင် ပြီးဆုံးခဲ့သည့် အစည်းအဝေးမှ ထွက်ပေါ်လာသော အရေးကြီးရလဒ်များကို မီးမောင်းထိုးဖော်ပြခဲ့သည်။
စွမ်းအင်လုံခြုံရေးကဏ္ဍနှင့်ပတ်သက်၍ ဒေသတွင်းခေါင်းဆောင်များသည် တည်ငြိမ်ပြီး ယုံကြည်စိတ်ချရသည့် ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးကွင်းဆက်များကို ထိန်းသိမ်းရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ အလျင်အမြန် ပြောင်းလဲရန် တိုက်တွန်းခဲ့ကြကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် အာဆီယံ ရေနံလုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို အလျင်အမြန်အသက်ဝင်စေရန်လည်း တိုက်တွန်းခဲ့ကြသည်ဟု ဆိုသည်။ အာဆီယံခေါင်းဆောင်များသည် အာဆီယံအမျိုးသားဓာတ်အားလိုင်းကို လက်တွေ့အသုံးပြုနိုင်စေရန်လည်း အလေးပေးဆွေးနွေးခဲ့ကြပြီး ယင်းစနစ်သည် နိုင်ငံဖြတ်ကျော် လျှပ်စစ်ဓာတ်အားရောင်းဝယ်မှုကို လွယ်ကူစေကာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံလုံးအား စျေးနှုန်းသက်သာသည့် စွမ်းအင်ရရှိစေရန် ရည်ရွယ်ထားကြောင်း သိရသည်။
စားရေရိက္ခာဖူလုံရေးကဏ္ဍတွင်လည်း ခေါင်းဆောင်များသည် ပွင့်လင်းပြီး ကြိုတင်ခန့်မှန်းနိုင်သည့် ဈေးကွက်များကို ထိန်းသိမ်းရန်၊ ထောက်ပံ့ရေးကွင်းဆက်များကို ပိုမိုအားကောင်းစေရန်နှင့် ဒေသတွင်းစားရေရိက္ခာအရန်စနစ်များကို ပိုမိုထိရောက်စွာစောင့်ကြည့်ရန် တိုက်တွန်းခဲ့ကြသည်။
ထို့ပြင် အရှေ့အလယ်ပိုင်းအကျပ်အတည်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့ပြီး စွမ်းအင်၊ စားရေရိက္ခာ၊ ဘဏ္ဍာရေး၊ ထောက်ပံ့ရေးကွင်းဆက်များနှင့် ပြည်ပရှိ အာဆီယံနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ရေးတို့အပါအဝင် ဒေသတွင်းခံနိုင်ရည်အားကို ပိုမိုခိုင်မာ စေရန် အစီအစဉ်များကို ဖော်ပြထားကြောင်း သိရသည်။
ဆင်ဟွာ


