ဒေါက်တာပပဝင်း
(၁၁-၅-၂၀၂၆ ရက်နေ့မှအဆက်)
မြေဆွေး
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် စိုက်ပျိုးရေး ဘေးထွက်စွန့်ပစ်ပစ္စည်းများ ပေါများသည့်နိုင်ငံ ဖြစ်ပါသည်။ စိုက်ပျိုးရေးဆိုင်ရာ စွန့်ပစ်ပစ္စည်းဆိုသည်မှာ ကောက်ရိုး၊ စပါးခွံ၊ ပြောင်းရိုး၊ နှမ်းရိုး၊ နေကြာရိုး၊ ပဲရိုး၊ ပဲမှော်၊ ဝါရိုး၊ အသီးအခွံ၊ ကြံကြိတ် ဖတ်စသည်တို့ဖြစ်ပါသည်။ ထို့အပြင် နေ့စဉ်မီးဖိုချောင်သုံး စွန့််ပစ်ပစ္စည်းများစွာရှိပြီး အဆိုပါစွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်း ကျင်၊ လူနှင့် တိရစ္ဆာန်ကျန်းမာရေးအတွက် အဆိပ်အတောက်ဖြစ်စေပါသည်။ စိုက်ခင်းများနှင့် မီးဖိုချောင်မှထွက်ရှိလာသော ဘေးထွက်ပစ္စည်းများ တဖြည်းဖြည်းစုပုံလာပါက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမည်ဖြစ်ရာ ယင်းတို့ကို ကောင်းစွာစီမံခန့်ခွဲ အသုံးပြုသင့်ပါသည်။ Circular Economy ဖြစ်သော စွန့်ပစ်ပစ္စည်းများကို အကျိုးရှိစွာ ပြန်လည်အသုံးပြုပြီး သန့်ရှင်းသော ပတ်ဝန်းကျင်၊ စားသုံးမှု လုံခြုံစိတ်ချရသော စိုက်ပျိုးရေးဆိုင်ရာ သံသရာလည်ပတ်မှုစနစ်ကို အကောင်အထည်ဖော် အသုံးချခြင်းနည်းပညာသည် အလွန်ပင်အရေး ပါလှပါသည်။
သဘာဝမြေဆွေးပြုလုပ်သည့်ဖြစ်စဉ်သည် အကျိုးပြုအဏုဇီဝ သက်ရှိများ၏ အကူအညီဖြင့် လေရှိ/ လေမဲ့ အခြေအနေများတွင် အကြွင်း အကျန်စွန့်ပစ်ပစ္စည်းများကို ဆွေးမြည့်စေပြီး အနက်ရောင် (အညို ရောင်) မြေသားအစိုင်အခဲငယ်များ ဖြစ်ပေါ်စေသည့် ဇီဝဓာတုဖြစ်စဉ် ဖြစ်ပါသည်။ မြေဆွေး ဆွေးမြည့်မှု ဖြစ်စဉ်ကို လွှမ်းမိုးထားသောအချက်များမှာ အပူချိန်(၁၀-၄၀°C ရှိရန်)၊ အစိုဓာတ်(၄၀-၆၀ ရာခိုင်နှုန်းရှိရန်)၊ ဆွေးမြည့်စေမည့်ပစ္စည်း၏ အရွယ်အစား (အရွယ်အစားသေးငယ်ပါက လေဝင် လေထွက် မကောင်းသဖြင့် ဆွေးမြည့်မှု ကြာမြင့်စေနိုင်ခြင်း၊ အရွယ်အစား ကြီးမားလွန်းပါက မြေဆွေးဖြစ်ရန် အချိန်ကြာမြင့်နိုင်ခြင်း စသည်တို့ကြောင့် မသေးလွန်း၊ မကြီးလွန်းဘဲ အဏုဇီဝ သက်ရှိများနှင့် ထိတွေ့နိုင်သော ပမာဏ၊ ဧရိယာအကျယ်အဝန်းများစေသည့် ဆွေးမြည့်မှု ပိုမိုမြန်ဆန်သော အရွယ်အစားရှိရန်)၊ လေဝင်လေထွက် (လေဝင်လေထွက် မကောင်းလျှင် အနံ့ဆိုးထွက်သည့်အပြင် အဏုဇီဝ သက်ရှိများရှင်သန်ရန် အောက်ဆီဂျင် လိုအပ်သောကြောင့် မြေဆွေးပုံကို အထက်အောက်လှန်ပေးခြင်း၊ လေဝင်လေထွက် ကောင်းစေရန် စီမံဆောင်ရွက်ခြင်းများ ပြုလုပ်ပေးရန်)နှင့် မြေဆွေးပုံအရွယ်အစားနှင့် အဏုဇီဝသက်ရှိများ ရှင်သန်နိုင်ခြင်းတို့ဖြစ်ပါသည်။
အရည်အသွေးကောင်းမြေဆွေးဟု သတ်မှတ်ရန်အတွက် မြေဆွေးသည် ကောင်းစွာဆွေးမြည့်၍ အဏုဇီဝ သက်ရှိများပါဝင်ပြီး အညို၊ အညိုရင့်ရောင်ရှိခြင်း၊ ကာဗွန်နှင့် နိုက်ထရိုဂျင်အချိုး (C:N) (၃၀:၁)ရှိခြင်း၊ အစိုဓာတ် ၆၅-၇၀ ရာခိုင်နှုန်းရှိခြင်း၊ အနံ့ပြင်းမရှိခြင်း၊ စေးကပ်မနေခြင်း၊ ပိုးမွှားများ ပါဝင်မှုမရှိခြင်း စသည့်အရည်အချင်းများ နှင့် ပြည့်စုံရမည်ဖြစ်ပါသည်။ ပြုလုပ်လေ့ရှိသည့် မြေဆွေး အမျိုးအစားများမှာ Onsite Composting (တစ်ပိုင်တစ်နိုင်မြေဆွေး)၊ Vermicomposting (တီမြေဆွေး)၊ Aerated (Turned) Window Composting ၊ Aerated Static Pile/ Bin မြေဆွေး (လေပေးစနစ် မြေဆွေးပုံ)၊ In-Vessel Composting စသည်တို့ဖြစ်သည်။
စိုက်ပျိုးမြေတွင် မြေဆွေးများထည့်ခြင်းဖြင့် အပင်အတွက်လိုအပ်သော အာဟာရဓာတ်များကို တဖြည်းဖြည်းချင်း စားသုံးစေခြင်း၊ မြေအစိုဓာတ်ကို ကြာရှည်ထိန်းသိမ်းနိုင်ခြင်း၊ အကျိုးပြု အဏုဇီဝများ ရှင်သန်ပေါက်ပွားမှု ကောင်းမွန်ခြင်း၊ မြေအရည်အသွေးတိုးတက်၍ မြေဆီလွှာဖွဲ့စည်းပုံ ကောင်းမွန်စေခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်နိုင်ခြင်း၊ ဓာတုမြေဩဇာကိုလျှော့ချ အသုံးပြုနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ပြီး ရေရှည်မြေဆီဩဇာထက်သန် ကောင်းမွန်စေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ပါသည်။
သီးထပ်စွမ်းအားနှင့် မြေဆီလွှာကျန်းမာရေး
မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သော မြေဧရိယာ ၂၈ ဒသမ ၇ ဧက သန်းရှိသည့်အနက် ရေသွင်း စိုက်ပျိုးနိုင်သော ဧရိယာ ၃ ဒသမ ၀၁ ဧကသန်းခန့်ရှိပါသည် (MOALI., 2021)။ ရေရရှိနိုင်သော ဆည်ရေသောက် ဒေသများအတွက် စပါးအခြေခံသီးနှံစိုက်စွမ်းအားမြင့် အကျိုးအမြတ်အများဆုံး ဖြစ်သည့် တစ်နှစ် သုံးသီး စိုက်ပျိုးနိုင်သော သီးထပ်သီးနှံပုံစံများကို စိုက်ပျိုးထုတ်လုပ်ရန်မှာ အရေးကြီးပါသည်။ မြေတစ်နေရာတည်းတွင် သီးနှံများအဆက်မပြတ် စိုက်ပျိုးခြင်း၊ ရာသီဥတု ပြောင်းလဲခြင်း (ရေကြီး၊ မိုးခေါင်)နှင့် မြေယာအသုံးချမှုလွန်ကဲခြင်းတို့ကြောင့် မြေဆီဩဇာဓာတ် ဆုတ်ယုတ်လာခြင်းကို ကြုံတွေ့နေရပါသည်။ မြေဆီလွှာရေရှည်ထိန်းသိမ်းမှုနှင့် သီးနှံထုတ်လုပ်မှု အတွက် လုံလောက်သော သဘာဝမြေဆွေးနှင့် ဓာတုမြေဩဇာများကို တွဲဖက်၍ အာဟာရ မျှခြေဖြစ်ရန် စနစ်တကျ ထည့်သွင်းပေးရမည်ဖြစ်ပါသည်။
အရေးကြီးသီးနှံများ၏ အထွက်နှုန်းများအလိုက် မြေတစ်ဧကမှ နှစ်စဉ်ထုတ်ယူသွားသော အာဟာရဓာတ်ပမာဏ
ရင်းမြစ် ။ (၅၇) ကြိမ်မြောက်တောင်သူနည်းပညာဆွေးနွေးပွဲ။
စိုက်ပျိုးမြေများတွင် သဘာဝမြေဆွေး၊ သီးနှံပင်အကြွင်းအကျန်နှင့် သစ်စိမ်းမြေဩဇာ စိုက်ပျိုးမြေမြှုပ် ထည့်သွင်းခြင်း၏ အကျိုး ကျေးဇူးများမှာ-
မြေဆီလွှာအတွင်း သစ်ဆွေးဓာတ်ပါဝင်မှု ပမာဏအား တိုးတက်စေခြင်း၊
လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးပြီး အပင်အာဟာရ ဓာတ်များ ထုတ်လုပ်ပေးခြင်း၊
မြေဆီလွှာအတွင်းရှိ အပင်အာဟာရဓာတ်များအား မြေအောက်သို့ စိမ့်ဝင်ဆုံးရှုံးခြင်းမှ ကာကွယ်ပေးခြင်း၊
မြေဆီလွှာတိုက်စားမှုကို လျော့ကျစေပြီး မြစ်ဖုနီမတုတ်ဦးရေကိုလည်း လျော့နည်းစေခြင်း (ပိုက်ဆံလျှော်၊ သစ်စိမ်း)၊
မြေ၊ ရေ၊ လေ တိုက်စားခြင်းအား ကာကွယ်ပေးခြင်းနှင့် ခြောက်သွေ့ဒဏ်အသင့်အတင့်ခံနိုင်၍ မြေဆီအရည်အသွေး ကို တိုးတက်စေခြင်း အစရှိသည်တို့ဖြစ်ပါသည်။
အပင်အာဟာရဓာတ်များ
အပင်အာဟာရဓာတ်ဆိုသည်မှာ အပင်များ ရောဂါပိုးမွှားဒဏ်ခံနိုင်ပြီး ကောင်းစွာကြီးထွားဖွံ့ဖြိုး မျိုးဆက်ပွားရန်အတွက် လိုအပ်သော ဓာတုဒြပ်စင်များ (သတ္တုဓာတ်များ) ကိုခေါ်ဆိုပါသည်။ အပင်များသည် ယင်းတို့၏ဇီဝဖြစ်စဉ် (ဥပမာ - အလင်းရောင်အသုံးပြုမှု၊ ပရိုတင်းဓာတ် ဖွဲ့စည်းမှု) အတွက် မရှိမဖြစ်လိုအပ်သော ဒြပ်စင်များကို အပင်အာဟာရ ဓာတ်များအဖြစ် (ရေနှင့်အတူ မြေကြီးမှ စုပ်ယူခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုက်ကို လေထုမှစုပ်ယူခြင်း) စုပ်ယူကြသည်။ အပင်အတွက် မရှိမဖြစ်လိုအပ်သည့် မြေကြီးအတွင်းရှိ ဓာတုဒြပ်စင်(သတ္တုဓာတ်) ၁၅ မျိုးရှိပါသည်။
ယင်းတို့အနက် အဓိကလိုအပ်သည့် ဓာတုဒြပ်စင်သုံးမျိုးမှာ အပင်၏အစာချက်လုပ်ခြင်း လုပ်ငန်းစဉ် များနှင့် အသားဓာတ်၊ ဟော်မုန်း နှင့် ဗီတာမင်များဖြစ်ပေါ်မှုတို့အတွက် နိုက်ထရိုဂျင်(ပုလဲ)၊ ပင်စည်၊ အမြစ်ကြီးထွားရန်နှင့် အပွင့်၊ အသီး၊ အစေ့အဆန်ဖြစ်ထွန်းရန်တို့ကို လုပ်ဆောင်ပေးသည့် ဖော့စ်ဖာရပ် (တီစူပါ)၊ အပင်အတွင်း အစာ အာဟာရများပို့ဆောင်ခြင်း၊ အင်ဇိုင်းများ၏လုပ်ငန်းများအား လှုံ့ဆော် ပေးခြင်း၊ အပင်အရွက် လေရှူပေါက်အဖွင့်အပိတ်ကို ထိန်းချုပ်ပေးခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ရယူခြင်း၊ ရေဓာတ်ဆုံးရှုံးမှု ကိုကာကွယ်ခြင်း၊ ပိုးမွှား၊ ရောဂါကျရောက်မှုနှင့် ရေဝပ်/ ရေမြုပ် ခြောက်သွေ့ဒဏ်ခံနိုင် ရည်ရှိရန် လုပ်ဆောင်ပေးခြင်း အစရှိသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင် ပေးသော ပိုတက်ဆီယမ် (ပိုတက်ရှ်) တို့ဖြစ်ပါသည်။
ဒုတိယလိုအပ်သည့်သုံးမျိုးမှာ နိုက်ထရိုဂျင်ကိုအကျိုးရှိစွာ အသုံးပြုနိုင်၍ ကာဗိုဟိုက်ဒရိတ်စုဆောင်းမှု မြင့်တက်စေသောကြောင့် သီးနှံအလေးချိန်တိုးစေရန် လုပ်ဆောင်ပေးသည့် ဆာလ်ဖာ၊ မြေချဉ်/ငန်မှုကို ထိန်းသိမ်းပေးခြင်း၊ ဆဲလ်ကွဲပွားမှုကို ထိန်းသိမ်းပေးခြင်း၊ ဆဲလ်အမြှေးပါးများ ပြီးပြည့်စုံအောင် ဖြစ်ပေါ်စေခြင်း၊ ဆဲလ်နံရံများ၏ အဓိကအစိတ်အပိုင်းများကို အထောက်အကူပြုပေးခြင်း အစရှိသည် တို့ကို လုပ်ဆောင်ပေးသည့် ကယ်လ်ဆီယမ်၊ အစာချက်လုပ်သည့် လုပ်ငန်းစဉ်တွင် အောက်ဆီဂျင် ထုတ်လုပ်မှုအတွက် အရေးပါခြင်း၊ အပင်အသက်ရှူခြင်း၊ နိုက်ထရိုတ်လျှော့ချခြင်းနှင့် ကလိုရိုဖီးလ် ဖြစ်ထွန်းမှုအတွက် အရေးကြီးခြင်း၊ ဖော့စဖိတ်ပြောင်းလဲရန်အတွက် ပါဝင်သည့် အချို့အင်ဇိုင်းများ ဖြစ်ပေါ်ရန် လုပ်ဆောင်ပေးခြင်းအစရှိသော လုပ်ငန်းစဉ်များ လုပ်ဆောင်ပေးသည့် မဂ္ဂနီဆီယမ်နှင့် အနည်းလို ကိုးမျိုးဖြစ်သည့် သွပ်၊ သံ၊ မဂ္ဂနိစ်၊ မော်လီဘီဒီနမ်၊ ကော့ပါး၊ ဘိုရွန်၊ ကလိုရင်း၊ စီလီကွန်၊ နီကယ်တို့ဖြစ်ပါသည်။
အဆိုပါ အာဟာရဓာတ်တစ်ခုချင်းစီသည် အပင်အတွက် သီးသန့်လုပ်ဆောင်ချက်များရှိသောကြောင့် မည်သည့် အာဟာရဒြပ်စင်မဆို ချို့တဲ့ပါက အပင်ကြီးထွားမှုနှောင့်နှေးခြင်း၊ အရွက်အရောင် ပြောင်းခြင်း၊ ရောဂါဒဏ်ခံနိုင်ရည်ကျဆင်းခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်မည်ဖြစ်ပါသည်။ မြေဆီလွှာအပေါ်တွင် သီးနှံစိုက်ပျိုးရာ၌ မိမိစိုက်ပျိုးထားသော သီးနှံပင်များသည် အာဟာရဓာတ် စုံညီမျှတစွာ မရရှိပါက မိမိမျှော်မှန်းထားသောအထွက်နှုန်းကို မရရှိနိုင်ပေ။ ထို့ကြောင့် လိုအပ်သည့် အာဟာရဓာတ်အမျိုးအစားနှင့် အချိုးအစားကို မှန်ကန် စွာ ဖြည့်တင်းပေးရမည်ဖြစ်သည်။
ဘက်စုံအာဟာရစီမံခန့်ခွဲခြင်း
ဘက်စုံအာဟာရစီမံခန့်ခွဲခြင်းဆိုသည်မှာ အပင်၏အာဟာရ စုပ်ယူနိုင်စွမ်းမြှင့်တင်ရန်နှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချရန်အတွက် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာများကို အချိုးညီအချိန်ကိုက် စီမံခန့်ခွဲပေါင်းစပ်အသုံးပြုသည့် အာဟာရ စီမံခန့်ခွဲမှု နည်းစနစ်တစ်ခုဖြစ်သည်။
ကမ္ဘာ့လူဦးရေတိုးတက်လာသည်နှင့်အမျှ အစားအစာ လိုအပ်ချက်မြင့်မားလာခြင်းကြောင့် သီးနှံများ ပိုမိုတိုးတက်ထုတ်လုပ်ရန် လိုအပ်လာပါသည်။ ထိုသို့ထုတ်လုပ်ရာတွင် ဂေဟစနစ်နှင့် လိုက်လျော ညီထွေဖြစ်သည့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကိုသာ အားပေး ဆောင်ရွက်သွားရပါမည်။ ရေရှည် တည်တံ့သည့် စိုက်ပျိုးထုတ်လုပ်မှု စနစ်တွင်ဘက်စုံအာဟာရစီမံခန့်ခွဲမှုသည် အလွန် အရေးကြီးပါသည်။ လေ့လာတွေ့ရှိချက်များအရ ဘက်စုံအာဟာရစီမံခန့်ခွဲမှုစနစ် လုပ်ကိုင် ဆောင်ရွက်ခြင်းကြောင့် ကမ္ဘာတစ်ဝန်းတွင် သီးနှံထုတ်လုပ်မှု ရှစ်ရာခိုင်နှုန်းမှ ၁၅၀ ရာခိုင်နှုန်းထိ တိုးတက်လာသကဲ့သို့ တစ်ဖက်တွင်လည်း မြေဆီလွှာကျန်းမာကြံ့ခိုင်လာပြီး သီးနှံ၊ အစေ့အဆန်များ အရည်အသွေးမြင့်မားလာကာ တောင်သူလယ်သမားတို့၏ ဝင်ငွေသည်လည်း မြင့်မားလာကြောင်း လေ့လာသိရှိရပါသည်။
သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတွင် မြေဆီလွှာ၏ အာဟာရဓာတ်အခြေအနေကို သိရှိထားရန် လိုအပ်ပါသည်။ သို့မှသာ မိမိမျှော်မှန်းထားသော ပန်းတိုင်အထွက်ကို ရရှိနိုင်မည်ဖြစ်သည်။ သဘာဝ မြေဩဇာများ ထည့်သွင်းအသုံးပြုမှုနည်းပါးခြင်း၊ ဓာတ်မြေဩဇာ လုံလောက်စွာ မထည့်သွင်းဘဲ စိုက်ပျိုးခြင်းများ ပြုလုပ်မည်ဆိုပါက သီးနှံပင်များမှ မြေဆီလွှာအတွင်းရှိ နဂိုရှိရင်းစွဲ အာဟာရ ဓာတ်များကိုသာ ထုတ်ယူသုံးစွဲရခြင်းကြောင့် မြေတွင်အာဟာရဓာတ်ကုန်ခန်းပြီး မြေမောလာမည် ဖြစ်ရာ အကျိုးဆက်အနေဖြင့် သီးနှံပင်များ အထွက်နှုန်းကျဆင်းလာခြင်း၊ မြေဆီလွှာပျက်စီးခြင်းများ ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးမြေ၏ အာဟာရညီမျှခြေကို သိရှိရန်မှာ အလွန် အရေးကြီးပါသည်။
အာဟာရညီမျှခြေရရှိရန်အတွက် -
အရတန်ဖိုးဖြစ်သည့် ထည့်သွင်းသော အာဟာရအရင်းအမြစ် (ဥပမာ- ဓာတုနှင့် သဘာဝ အရင်းအမြစ်များ) နှင့် သုံးစွဲတန်ဖိုးဖြစ်သည့် ရိတ်သိမ်းသီးနှံအစိတ်အပိုင်းနှင့် သီးနှံအကြွင်းအကျန်တို့ တူညီရန်လိုအပ်ပါသည်။
အရတန်ဖိုးဖြစ်သည့် လေထုမှတစ်ဆင့် စုဆောင်းရရှိမှု (မိုးရွာ သွန်းခြင်း) နှင့် သုံးစွဲတန်ဖိုးဖြစ်သည့် မြေကြီးထဲသို့ စိမ့်ဝင် ပျောက်ဆုံးသည့်ပမာဏ တူညီရန်လိုအပ်ပါသည်။
အရတန်ဖိုးဖြစ်သည့် ရေသွင်းခြင်း၊ ရေလွှမ်းခြင်း၊ အနည်ကျ ခြင်း (အာဟာရပျော်ရည်နှင့် ဖျော်ရည်) နှင့် သုံးစွဲတန်ဖိုးဖြစ် သည့် အငွေ့အဖြစ်ပျောက်ဆုံးသည့် ပမာဏတူညီရန် လိုအပ် ပါသည်။
အရတန်ဖိုးဖြစ်သည့် သက်ရှိများမှတစ်ဆင့် နိုက်ထရိုဂျင် ဖမ်းယူရရှိမှုနှင့် သုံးစွဲတန်ဖိုးဖြစ်သည့် မြေ၊ ရေ၊ လေ တိုက်စားမှုတို့ ပမာဏတူညီရန်လိုအပ်ပါသည်။
ဘက်စုံအာဟာရစီမံခန့်ခွဲမှုစနစ် ကျင့်သုံးရာတွင် မြေဆီဓာတ်ခွဲ စစ်ဆေးမှုအခြေခံ၍ မြေဆီအာဟာရ စီမံခန့်ခွဲခြင်းကို ဆောင်ရွက်သင့်ပါသည်။ မြေဆီဓာတ်ခွဲစစ်ဆေးခြင်းဖြင့် မြေအမျိုးအစား၊ သစ်ဆွေးဓာတ်၊ မြေချဉ်/ ငန်ဓာတ်၊ အပင်မှစားသုံးနိုင်သော အာဟာရ ဓာတ်ပါဝင်မှုတို့ကို တိုင်းတာ သိရှိနိုင်သောကြောင့် စစ်ဆေးတွေ့ရှိသည့် ရလဒ်အပေါ်အခြေခံ၍ မြေဆီအာဟာရဓာတ်ဆိုင်ရာ စီမံခန့်ခွဲမှုပြုလုပ် ပါက ပိုမိုအကျိုးထိရောက်မှုရှိမည်ဖြစ်ပါသည်။
အရေးကြီးသီးနှံများအတွက် သင့်တော်သည့် မြေချဉ်/ငန်ကိန်း(pH)
သီးနှံပင်များစိုက်ပျိုးရာတွင် မြေချဉ်/ ငန်ကိန်းသည်လည်း အလွန်အရေးကြီးပါသည်။ အပင်အတွက် သင့်တော်သည့် မြေချဉ်/ငန် ကိန်းအတွင်းမရရှိဘဲ စိုက်ပျိုးပါက မိမိတို့ထည့်သွင်းအသုံးပြုသည့် အာဟာရဓာတ်များသည် အပင်အတွက် ကောင်းစွာအသုံးမပြုနိုင်ဘဲ ဆုံးရှုံးသွားမည်ဖြစ်ပါသည်။ မြေဆီလွှာအား ဓာတ်ခွဲစစ်ဆေးကြည့်ပြီးနောက် ချဉ်သောမြေဖြစ်ပါက ထုံးထည့်ခြင်းအား မြေအမျိုး အစားကိုလိုက်၍ လုပ်ဆောင်ပေးရပါမည်။
အချဉ်ဓာတ်ပြုပြင်ရန်အတွက် သဲဆန်သည့်မြေတွင် တစ်ဧက လျှင် ထုံး ပိဿာ ၃၀၀ ၊ နုန်းမြေတွင် ပိဿာ ၅၀၀ နှင့် ရွှံ့စေးမြေတွင် ပိဿာ ၆၅၀ နှုန်း နှင့် အငန်ဓာတ်ပြုပြင်ရန်အတွက် သဲဆန်သည့်မြေတွင် တစ်ဧက ကန့် ပိဿာ ၆၀ ၊ နုန်းမြေတွင် ပိဿာ ၁၅၀ နှင့် ရွှံ့စေးမြေတွင် ပိဿာ ၃၀၀ နှုန်း ထည့်သွင်းအသုံးပြုပေးရမည် ဖြစ်ပါသည်။ မည်သည့် အာဟာရဓာတ်ကိုမဆို ထည့်သွင်းအသုံးပြုပါက ရေအစိုဓာတ် လုံလောက်စွာ ရှိရမည်ဖြစ်သည်။ သို့မှသာ အပင်မှ အာဟာရ ဓာတ်များကို ပြောင်းလဲစုပ်ယူနိုင်မည်ဖြစ်ပြီး မြေ၏ရူပဂုဏ်သတ္တိကောင်း၍ ရေအစို ဓာတ်ကို ထိန်းနိုင်မည်ဖြစ်ပါသည်။
မြေဩဇာများထည့်သွင်းအသုံးပြုရာတွင် အကျိုးရှိစွာ အသုံးပြု နိုင်ရန်နှင့် ရင်းနှီးလိုက်သည့်အတိုင်း အကျိုးအမြတ်များ ရရှိနိုင်ရန်တို့ အတွက် မှန်လေးမှန် (4Rsနည်းစနစ်) စနစ်ကို ကျင့်သုံးရမည် ဖြစ်သည်။ ၎င်းတို့မှာ - ၁။ Right Source - မှန်ကန်သောအမျိုးအစား၊ ၂။ Right Rate - မှန်ကန်သော နှုန်းထား၊ ၃။ Right Time - မှန်ကန်သော အချိန်နှင့် ၄။ Right Place - မှန်ကန်သောနေရာတို့ဖြစ်သည်။
ပညာရှင်များကလည်း မြေဩဇာအကျိုးရှိစွာထည့်သွင်းနိုင်ရန်အတွက် နည်းပညာများကို အမြဲမပြတ် လေ့လာလျက်ရှိပါသည်။ ဥပမာ - စပါးပင်တွင် နိုက်ထရိုဂျင်ဓာတ်လိုအပ်မှု ရှိ၊ မရှိ အခြေအနေကို အရွက်အားမဖျက်ဆီးဘဲ တိုင်းတာသောနည်းလမ်းဖြစ်သည့် အရွက် အရောင်တိုင်းကတ် (Leaf Color Chart- LCC) နှင့် ကလိုရိုဖီးလ်မီတာ (SPAD-502) တို့သည် အရွက်တွင်ပါဝင်သော နိုက်ထရိုဂျင် အခြေအနေကို တိုင်းတာရန်အတွက် အသုံးပြုသည့်ကိရိယာများဖြစ်ပါသည်။
အရွက်အရောင်တိုင်းကတ် (LCC) ဆိုသည်မှာ ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော လက်ကိုင် အရွယ်အစား ရှိကတ်ပြားတစ်ခုဖြစ်ပြီး ၎င်းပေါ်တွင် အစိမ်းရောင် အနုအရင့်အဆင့်ဆင့် (အဆင့် လေးဆင့် သို့မဟုတ် ခြောက်ဆင့်) ပြုလုပ်ထားပါသည်။ အရွက်အရောင်တိုင်းကတ်ကို ၁၉၈၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ စတင်တီထွင်ခဲ့ပါသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနအဖွဲ့ (International Rice Research Institute - IRRI) သည် ဂျပန်နိုင်ငံ၏ မူလဒီဇိုင်းကိုအခြေခံပြီး ဒေသအသီးသီးရှိ လယ်သမားများ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ပိုမိုရိုးရှင်းပြီး သုံးရလွယ်ကူသော အရွက်အရောင်တိုင်းကတ်ကို ထပ်မံတီထွင်ခဲ့ပါသည်။
အရွက်အရောင်တိုင်းကတ် အသုံးပြုခြင်းဖြင့် စပါးပင်၏ နိုက်ထရိုဂျင် (ပုလဲ) လိုအပ်ချက်ကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ခြင်းကြောင့် ကုန်ကျစရိတ် ၂၀ - ၃၀ ရာခိုင်နှုန်းသက်သာစေပြီး အထွက်နှုန်း ငါးရာခိုင်နှုန်း - ၁၀ ရာခိုင်နှုန်း တိုးစေပါသည်။ အရွက်အရောင်တိုင်းကတ် (LCC) ပါ အညွှန်းကိန်း(၄)၏ အောက်ရောက်ပါက ယူရီးယား (ပုလဲ) တစ်ဧကလျှင် ကီလိုဂရမ် ၂၀ ခန့် ထည့်သွင်းပေးရပါမည်။
မြေဆီလွှာ၏ကျန်းမာရေးကို အလေးပေး
စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသူများအနေဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် သဘာဝ သွင်းအားစုများ (ဇီဝမြေဩဇာများ)နှင့် ဓာတုသွင်းအားစုများ (စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများ၊ ဓာတ်မြေဩဇာများ) ကို အချိုးမျှတစွာ သုံးစွဲပေးခြင်းဖြင့် သီးနှံပင်အတွက် လိုအပ်သော အာဟာရ ဓာတ်များ ဖြည့်တင်းပေးနိုင်သည်သာမက မိမိစိုက်ပျိုးထုတ်လုပ်နေသည့် မြေဆီလွှာ၏ လိုအပ်ချက်ကိုပါ ပြန်လည်ဖြည့်တင်းပေးရာရောက်စေနိုင်မည်ဖြစ်ပါသည်။ ထိုသို့မိမိစိုက်ပျိုး ထုတ်လုပ်နေသည့် မြေဆီလွှာ၏ကျန်းမာရေးကို အလေးပေးဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများကို ပိုမိုကောင်းမွန်စေနိုင်ပြီး ရေရှည်တည်တံ့သည့်စိုက်ပျိုးရေးကို ဦးတည်သွားနိုင်မည် ဖြစ်ပါသည်။


