ရန်ကုန် မေ ၁၂
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ဘောလုံးကော်မတီသည် မြန်မာ ယူ-၁၉ အမျိုးသမီးဖူဆယ်အသင်းဖွဲ့စည်းရန် ရန်ကုန်မြို့၌ လူရွေးပွဲ ထပ်မံပြုလုပ်မည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အမျိုးသမီး ဖူဆယ်လက်ရွေးစင်အသင်း ဖွဲ့စည်းရန် မန္တလေးနှင့် တောင်ကြီးမြို့တို့၌ လူရွေးပွဲများ ကျင်းပပြီး ပဏာမကစားသမား ၁၀ ဦး ရွေးချယ်ထားပြီးဖြစ်သည်။
ထို့ပြင် ရန်ကုန်မြို့၌ မေ ၁၆၊ ၁၇ ရက်တို့တွင် လူရွေးပွဲထပ်မံကျင်းပမည်ဖြစ်ပြီး YRG ဖူဆယ်အားကစားကွင်း၌ ပြုလုပ်မည်ဖြစ်သည်။ လာရောက်ရွေးချယ်ခံလိုသူများအနေဖြင့် ယင်းနှစ်ရက်တွင် နံနက် ၈ နာရီအရောက် လာရောက်ရမည်ဖြစ်သည်။ ရန်ကုန်မြို့ လူရွေးပွဲအပြီးတွင် ပဏာမ ကစားသမားများ ထပ်မံအင်အားဖြည့်တင်းမည်ဖြစ်ပြီး မြန်မာအမျိုးသမီးဖူဆယ်ကလပ်အသင်းများမှ အသက်မီသူများကိုလည်း အားဖြည့်ရွေးချယ်မည်ဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်က ယခုနှစ်ကုန်ပိုင်းတွင် ပထမဆုံးကျင်းပမည့် အာဆီယံ ယူ-၁၉ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၉ အမျိုးသမီးဖူဆယ်အသင်းသည် အသင်းဖွဲ့စည်းကာ ပြင်ဆင်နေခြင်းဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF


