နေပြည်တော် မေ ၁၄
မဟာအောင်မြေမြို့နယ်၊ လားရှိုးမြို့၊ ကျိုင်းတုံမြို့၊ မိုးကုတ်မြို့၊ နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၁ ရက် ည ၇ နာရီတွင် သတင်းအရ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အရှေ့ရပ်ကွက် ၄၁ x ၄၂ လမ်းကြား ၈၆ (အေ) လမ်းရှိ ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာနေ သိန်းအောင် (ခ) အောင်ပိ (၂၂) နှစ်ငှားရမ်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာဘိန်းစိမ်း ၉၀ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ကိုးသိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၈၁၀)၊ ဘိန်းဆီခဲ ၂၄ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၆၀၀) နှင့် ဘိန်းဖြူ ၁ ဒသမ ၇၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၂၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၄၀) တို့ကို သိမ်းဆည်းရမိသဖြင့် သိန်းအောင် (ခ) အောင်ပိအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း။
ထို့ပြင် မေ ၁၃ ရက် ည ၇ နာရီခွဲတွင် သတင်းအရ လားရှိုးမြို့ ရပ်ကွက် (၈) နယ်မြေ (၁၃) လားရှိုး-သိန္နီသွားလမ်းတွင် မူဆယ်မြို့ နမ့်အွမ်ကျေးရွာနေ ရန်ပိန်းချိမ့် (၂၆) နှစ် မောင်းနှင်လာသော Toyota Crown အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆၀၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၃၀၀) အား သိမ်းဆည်းရမိသဖြင့် ရန်ပိန်းချိမ့်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း။
အလားတူမေ ၁၃ ရက်ည ၆ နာရီတွင် သတင်းအရ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအနီး ကျိုင်းတုံ-တာချီလိတ်သွားလမ်းတွင် မိုင်းဖြတ်မြို့နယ် ဟိုပန်လောင်းကျေးရွာနေ ကျက (၄၃) နှစ် မောင်းနှင်ပြီး မိုင်းဖြတ်မြို့နယ် ရှဲန်ဖုန်းကျေးရွာနေ ကျရှီး (၂၃) နှစ် လိုက်ပါလာသော HONDA WAVEi 110 အမျိုးအစားဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၃၀၀) သိမ်းဆည်းရမိသဖြင့် ကျကနှင့် ကျရှီးတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း။
ထို့အတူ မေ ၁၃ ရက် နံနက် ၆ နာရီတွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ မိုးကုတ်မြို့ လယ်ဦးအုပ်စု အုံးပင်ရေထွက်ရပ်နေ ဝေါ်တာ (ခ) ဗျာဆီး (၄၅) နှစ်နှင့် ဇနီးဖြစ်သူ မချစ်လု (ခ) အာဝူမီး (၂၇) နှစ်တို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၃၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၃၉၅ သိန်း) သိမ်းဆည်းရမိသဖြင့် ဝေါ်တာ (ခ) ဗျာဆီးနှင့် မချစ်လု (ခ) အာဝူမီးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း။
အလားတူ မေ ၁၁ ရက် ညနေ ၄ နာရီတွင် သတင်းအရ နောင်ချိုမြို့ ပါဟတ်ရပ်ကွက်အနီး မန္တလေး-လားရှိုးသွားလမ်းတွင် နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာနေ ညီညီအောင် (ခ) ညွန့်အောင် (၅၇) နှစ် မောင်းနှင်လာသော Toyota HILUX VIGO အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၉၆၆၅ ပြား (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင် ၎င်းဒေသတန်ဖိုးငွေကျပ် ၃၈၄၈ ဒသမ ၃၂၅ သိန်း) သိမ်းဆည်းရမိသဖြင့် ညီညီအောင် (ခ) ညွန့်အောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်


