နယူးဒေလီ မေ ၁၉

 

ယခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်း လွင်ပြင်ဒေသများတွင် ပုံမှန်အပူလှိုင်းမှ အလွန်ပြင်းထန်သည့် အပူလှိုင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက မေ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

အပူချိန်ထပ်မံမြင့်တက်နိုင်

 

မိုးလေဝသကြိုတင်ခန့်မှန်းရေးအေဂျင်စီ၏ ထုတ်ပြန်ချက်အရ မေ ၂၄ ရက်အထိ အိန္ဒိယအနောက်မြောက်ပိုင်းဒေသများတွင် အမြင့်ဆုံး အပူချိန်သည် နောက်ထပ် ၂ ဒီဂရီဆဲလ်စီးယပ်မှ ၃ ဒီဂရီဆဲလ်စီးယပ်အထိ တဖြည်းဖြည်း မြင့်တက်လာနိုင်ကြောင်း သိရသည်။ ချက်တီဂါးဒ်ဒေသ တွင်မူ မေ ၂၁ ရက်အထိ အပူချိန်သည် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီ ဆဲလ်စီးယပ်အထိ ထပ်မံမြင့်တက်နိုင်ကြောင်း ဖော်ပြထားသည်။

 

အဝါရောင်အဆင့်ရောက်ရှိနိုင်

 

မြို့တော်ဒေလီအတွက် နောက်သုံးရက်အတွင်း အပူလှိုင်းအခြေအနေသည် အဝါရောင်အဆင့်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး မြို့တော်အတွင်း အချို့နေရာများတွင် နေ့အပူချိန်များ ထပ်မံမြင့်တက်နိုင်ကြောင်းလည်း သိရသည်။

 

မေ ၁၉ ရက်တွင် နယူးဒေလီ၏ အမြင့်ဆုံးအပူချိန်သည် ၄၃ ဒီဂရီဆဲလ်စီးယပ်မှ ၄၅ ဒီဂရီဆဲလ်စီးယပ်အထိရှိနိုင်ပြီး အနိမ့်ဆုံး အပူ ချိန်မှာ ၂၈ ဒီဂရီဆဲလ်စီးယပ်ခန့်ရှိနိုင်ကြောင်း All India Radio က မိုးလေဝသဌာန၏ ဖော်ပြချက်ကို ကိုးကား၍ ထုတ်ပြန်ခဲ့သည်။

 

နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှု ရှောင်ရှားရန် သတိပေးနှိုးဆော်

 

အပူလှိုင်းကျရောက်သည့် ဒေသများတွင် နေထိုင်သူများအနေဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန်နှင့် ပြင်းထန်သည့် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားရန် မိုးလေဝသဌာနက သတိပေး နှိုးဆော်ထားသည်။

 

ဆင်ဟွာ