နေပြည်တော် မေ ၂၀

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းသည် ယနေ့နံနက်ပိုင်းတွင် ကော်မရှင်ရုံးခွဲ(မန္တလေး)ရှိ ဝန်ထမ်းများနှင့် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကော်မရှင်ရုံးခွဲ ညွှန်ကြားရေးမှူးက ကော်မရှင်ရုံးခွဲ၏ ရုံးလုပ်ငန်းများ လည်ပတ် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုကြောင်း၊ နိုင်ငံတော်အကျိုး ရှေးရှုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိကြောင့် နိုင်ငံအကျိုး ထိခိုက်မှုမရှိအောင် သတိထား ဆောင်ရွက်ကြစေလိုကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူပြီး အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းဟူသော ကဏ္ဍ(၃)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းတစ်ဦးချင်းအနေဖြင့် အရည်အချင်း၊ ဝမ်းစာပြည့်ဝနေအောင် အမြဲတမ်းဖြည့်ဆည်းနေရန်လိုအပ်ကြောင်း မှာကြားသည်။

 

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက ရုံးခွဲရှိ ဝန်ထမ်းများနှင့် မိသားစုများအတွက် ဆန်၊ စားသုံးဆီနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ပြီး ဝန်ထမ်းများ၏ လုပ်ငန်းတာဝန် ထမ်းဆောင်နေမှုနှင့် ကော်မရှင်ရုံးခွဲ ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်