နေပြည်တော် မေ ၂၀
ချင်းပြည်နယ် တီးတိန်ခရိုင်အတွင်း ပါဝင်သည့် တွန်းဇံမြို့နယ်သည် ချင်းပြည်နယ်၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသည့် တောင်တန်းဒေသမြို့တစ်မြို့ဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် နယ်စပ်ကုန်သွယ်စီးဆင်းမှုအတွက် အရေးပါသော ဒေသတစ်ခုဖြစ်သည်။ တွန်းဇံမြို့နယ်၏ တောင်ဘက်တွင် တီးတိန်မြို့၊ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် မြောက်ဘက်နှင့် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၏ Manipur နှင့် Mizoram ပြည်နယ်များ တည်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကာ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ရိုးရာပွဲတော်များဖြင့် အေးချမ်းစွာ နေထိုင်ကြသည့် မြို့တစ်မြို့ဖြစ်သည်။
ထိုသို့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများဖြင့် အေးချမ်းပျော်ရွှင်စွာ နေထိုင်လျက်ရှိကြသည့် တွန်းဇံမြို့မှ ဒေသခံတိုင်းရင်းသား ပြည်သူများအား CRPH ၊ NUG အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ လက်ဝေခံဖြစ်သော CDF ၊ CNA နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးဖြစ်စဉ်များကြောင့် နိုင်ငံ၏ အချို့မြို့များတွင် ဖြစ်ပေါ်ခဲ့သော အစွန်းရောက်တို့၏ ဆူပူအကြမ်း ဖက်ဆန္ဒပြမှုများအပေါ် အခွင့်ကောင်းယူကာ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို ဖျက်ဆီးပြီး အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်စီးစေရန်နှင့် ချင်းပြည်နယ်အား ၎င်းတို့စိတ်တိုင်းကျ အုပ်ချုပ်ခွင့်ရရှိရေး စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံရေးနည်းလမ်းဖြင့် ရယူခြင်းမရှိဘဲ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ကာ PDF အမည်ခံ အကြမ်းဖက်သမားများကို အသုံးချလျက် ချင်းပြည်နယ်အတွင်းရှိ မြို့များအား အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြရာ တွန်းဇံမြို့၌ မြို့လုံခြုံရေးနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် မေ ၁၆ ရက်မှစ၍ အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူများ၏ နေအိမ်များ၊ ရုံးဌာနများနှင့် ဘာသာရေး အဆောက်အအုံများအား အကာအကွယ်ပြု၍ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ကြရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ နေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အအုံများနှင့် ဘာသာရေးအဆောက်အအုံများ ထိခိုက် ပျက်စီးမှုအနည်းဆုံးဖြစ်စေရေးနှင့် ပြည်သူများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် စနစ်တကျ ဆုတ်ခွာခဲ့ကြရာ ၂၀၂၄ ခုနှစ် မေ ၂၃ ရက်တွင် တွန်းဇံမြို့အား အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက ယာယီစိုးမိုးခဲ့ကြသည်။
CDF ၊ CNA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် တွန်းဇံမြို့အား ယာယီစိုးမိုးထားစဉ် ဌာနဆိုင်ရာဝန်ထမ်းများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရိုးသားအေးချမ်းစွာ နေထိုင်လျက်ရှိကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား အကြောက်တရားလွှမ်းမိုးစေရန် ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ၎င်းတို့ အကျိုးစီးပွားအတွက် လုပ်အားရယူခိုင်းစေခြင်း၊ ဒေသခံတိုင်းရင်းသား ပြည်သူများ လုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ်၍ သိမ်းဆည်းလုပ်ကိုင်ခြင်း၊ ကုန်စည်စီးဆင်းရာ ဆက်သွယ်ရေးလမ်းကြောင်းများအား ပိတ်ဆို့ခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှု အခက်အခဲများ ဖြစ်ပေါ်ခဲ့ကာ စားသောက်ကုန်နှင့် လူသုံးကုန်များ ဈေးနှုန်းကြီးမြင့်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည်ဖြင့် လူမှုစီးပွားဘဝများ ချွတ်ခြုံကျဆင်း၍ အကြမ်းဖက်မှုဒဏ်ကို ခါးသီးစွာ ခံစားကြရသည့် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ တိုက်တာအိုးအိမ်များကိုစွန့်ခွာ၍ အခက်အခဲဒုက္ခမျိုးစုံဖြင့် ယာယီနေရပ်စွန့်ခွာ နေထိုင်ခဲ့ကြရသည်။
တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) များကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် ဖလမ်းမြို့အား ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်တွင် တပ်မတော်က အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဖလမ်းမြို့ အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည့်အပြင် နယ်မြေတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ဖလမ်းမြို့အား ပြန်လည် သိမ်းပိုက်ရရှိပြီးနောက် တပ်မတော်အနေဖြင့် ဖလမ်း-သိုင်းငင်း- တီးတိန်-တွန်းဇံမြို့ ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက် ဖလမ်းမြို့နှင့် တီးတိန်မြို့အကြားရှိ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ ယာယီစိုးမိုးထားသည့် နေရာများအား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ရန် ဖလမ်းမြို့တွင် စနစ်တကျ ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့ပြီး စစ်ကြောင်းများခွဲ၍ ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်မှ စတင်ချီတက် ရှင်းလင်းခဲ့ရာ သိုင်းငင်းလမ်းဆုံသို့ မေ ၂ ရက် တွင် ရောက်ခဲ့ကြောင်း၊ ကနေဒီ တောင်အား မေ ၅ ရက်တွင် သိမ်းပိုက်ရရှိကာ မေ ၉ ရက်တွင် တီးတိန်မြို့သို့ ရောက်ရှိစုဖွဲ့ပြင်ဆင်ခဲ့ကြသည်။ ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် တွန်းဇံမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် တီးတိန်မြို့တွင် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင် ရွက်ခဲ့ကာ ပွိုင့်-၁၅၀၄ တောင်ကုန်းအား မေ ၁၁ ရက်တွင် လည်းကောင်း၊ မောင်ကင်ရွာနှင့် တွာလ်မူးရွာအား မေ ၁၂ ရက်တွင် လည်းကောင်း၊ ဂမ်ငိုင်ရွာအား မေ ၁၄ ရက်တွင် လည်းကောင်း၊ လွမ့်ဇန်ရွာနှင့် ဗျာလ်ကျင်းရွာအား မေ ၁၆ ရက်တွင် လည်းကောင်း၊ တပ်ဇန်ရွာအား မေ ၁၇ ရက်တွင် လည်းကောင်း၊ တုံးထွောင်ရွာနှင့် ပွိုင့်- ၁၉၈၅ တောင်ကုန်းအား မေ ၁၉ ရက်တွင် လည်းကောင်း အသီးသီး ပြန်လည်သိမ်းပိုက်ရရှိ ခဲ့သည်။ ဆက်လက်၍ တပ်မတော် စစ်ကြောင်းများသည် မေ ၂၀ ရက် မွန်းလွဲပိုင်းတွင် CDF ၊ CNA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအား အပြီးတိုင်တိုက်ထုတ်၍ တွန်းဇံမြို့အား အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
တပ်မတော်၏ တိုက်စစ်အဟုန် ကြောင့် ရှုံးနိမ့်၍ ဆုတ်ခွာထွက်ပြေးသော CDF ၊ CNA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ဆုတ်ခွာထွက်ပြေးစဉ် ဒေသအကျိုးစီးပွား ပျက်စီးစေရန် ရည်ရွယ်ကာ လမ်း၊ တံတားများအား မိုင်းထောင် ဖောက်ခွဲခြင်းများကို ယုတ်မာရိုင်းစိုင်းစွာဖြင့် လုပ်ဆောင်ခဲ့ကြသည်။
တပ်မတော်စစ်ကြောင်းများက တွန်းဇံမြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ အဆင့်ဆင့် ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲခြောက်ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း နှစ်လောင်း၊ လက်နက်မျိုးစုံငါးလက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။
ထို့ကြောင့် တပ်မတော် စစ်ကြောင်းများအနေဖြင့် ယာယီနေရပ်စွန့်ခွာခဲ့ကြရသည့် ဒေသခံပြည်သူများ တွန်းဇံမြို့အတွင်းသို့ အန္တရာယ်ကင်းရှင်းစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် အကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာရက်စက်စွာ လုပ်ဆောင်ခဲ့သည့် မြေမြှုပ်မိုင်းများ ရှင်းလင်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်အစိုးရ အုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးလည်ပတ်နိုင်ရေး၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ဆေးရုံ/ ဆေးခန်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးစသည့် မြို့ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဒေသခံတိုင်းရင်းသားများနှင့် ပူးပေါင်း၍ အမြန်ဆုံးပြန်လည် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
အကြမ်းဖက် သောင်းကျန်းသူများ၏ မတရားနှိပ်စက်ညှဉ်းပန်းမှုဒဏ်ကို ခါးသီးစွာခံစားခဲ့ရသည့် ဒေသခံပြည်သူများကလည်း အမှန်တကယ်အေးချမ်းတည်ငြိမ် မှုနှင့် ငြိမ်းချမ်းမှု၏ အနှစ်သာရများကို ကိုယ်တိုင်သိမြင်ခံစားလာရပြီး အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့/ ရွာအချို့ကို ပြန်လည်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်း ချီတက်လာသော တပ်မတော်စစ်ကြောင်းများအား လမ်းကြောင်းတစ်လျှောက်၌ အောင်သပြေပန်းများ၊ ဂုဏ်ပြုပန်းကုံးများ ကိုင်ဆောင်ကာ သောင်းသောင်းဖြဖြ ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်။
ယခုကဲ့သို့ တပ်မတော်က တွန်းဇံမြို့အား အပြီးတိုင် ပြန်လည်သိမ်းပိုက် ထိန်းချုပ်ခဲ့သည့်အတွက် ချင်းပြည်နယ် အတွင်းရှိ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံနှင့် ကျီးခါးမြို့စသည့် ချင်းပြည်နယ် မြောက်ပိုင်းဒေသ တစ်ခုလုံးအား တပ်မတော်မှ အလုံးစုံထိန်းချုပ် နိုင်ခဲ့ပြီဖြစ်သဖြင့် ယာယီနေရပ် စွန့်ခွာခဲ့ကြရသည့် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့်လည်း ၎င်းတို့၏နေရပ်များသို့ စိတ်အေးချမ်းသာစွာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုလည်း ပြန်လည်လုပ်ဆောင်နိုင်ကြတော့ မည်ဖြစ်သည်။ ထိုသို့ တပ်မတော်မှ အဆိုပါမြို့များအား ပြန်လည် ထိန်းချုပ်နိုင်ခြင်းကြောင့် ယခုအခါ ဟားခါး-ဖလမ်း- တီးတိန်-တွန်းဇံ-ကျီးခါး လမ်းကြောင်းနှင့် ကလေး-ဖလမ်း-ဟားခါး လမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ တစ်ဆင့် ချင်းပြည်နယ်မြောက်ပိုင်းမြို့များသို့ ကုန်စည်စီးဆင်းမှုများ ပုံမှန်အတိုင်း ဆောင်ရွက်နိုင်တော့မည်ဖြစ်သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ကုန်ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်တော့မည်ဖြစ်သည်။ ထို့ပြင် ယနေ့တွင်လည်း ယာယီနေရပ်စွန့်ခွာခဲ့ကြရသည့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ စီမံဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများသည် လိုအပ်သည့် ကူညီထောက်ပံ့ရေး ပစ္စည်းများနှင့်အတူ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ကလေးမြို့မှ ထွက်ခွာလာခဲ့ပြီး ညနေပိုင်းတွင် ဖလမ်းမြို့သို့ ရောက်ရှိကြရာ ဒေသခံတိုင်းရင်းသားပြည်သူများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက ရိုးရာအကများဖြင့် ဝမ်းပန်းတသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


