နေပြည်တော် မေ ၂၁

 

မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။

 

ထိုကဲ့သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာ နယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် နယ်မြေရှင်းလင်းခြင်းနှင့် ရှာဖွေဖော်ထုတ် စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၆၂ ဦးနှင့် အသုံးပြုခဲ့သည့် အဆောက်အအုံများနှင့် လုပ်ငန်းသုံးပစ္စည်းများ ဖမ်းဆီးရမိမှုအား မေ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန် လုံခြုံရေးပူးပေါင်းအဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်းခတ်မြို့နယ် မိုင်းဟန်ကျေးရွာအုပ်စု ဖားငင်ကျေးရွာ၏ တောင်ဘက် မီတာ ၄၅၀၀ ခန့်အကွာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၂၀ အား Star Link တစ်လုံး၊ ဖုန်းမျိုးစုံ ၁၅ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ထို့ပြင် ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် အဆိုပါကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစာမှုကျူးလွန်သူ မြန်မာနိုင်ငံသား အမျိုးသား ကိုးဦးနှင့် အမျိုးသမီး သုံးဦးတို့ကို လည်ကောင်း၊ မွန်းလွဲ ၁နာရီခွဲ ခန့်တွင် အဆိုပါကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၅၅၀၀ခန့် အကွာတွင် တရုတ်နိုင်ငံသား အမျိုးသား ၃၀ ၊ အမျိုးသမီး တစ်ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး တစ်ဦးတို့အား ဖုန်းမျိုးစုံ ၁၁ လုံးဖြင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းအမျိုးသား ၅၉ ဦး၊ အမျိုးသမီး ငါးဦး၊ Star Link တစ်လုံး၊ ဖုန်းမျိုးစုံ ၂၆ လုံးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်