နေပြည်တော် မေ ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးသန့်၊ ဦးမင်းနောင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လမ်း၊ တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် ဒေသထွက်သီးနှံများကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
လမ်း၊ တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု
ဦးစွာ ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ နေပြည်တော်-တောင်တွင်းကြီး မီးရထားလမ်း ခုံးကျော်တံတား (ပေ ၁၃၀၀) တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လမ်းများအားလုံး အဆင့်မီမီနှင့် စနစ်တကျဖြစ်စေရေး အဆင့်မြှင့်တင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း မီးရထား လမ်းကူးနေရာများ၌ ခုံးကျော် တံတားများ ဆက်လက်ထည့်သွင်း တည်ဆောက်နိုင်ရေးအတွက်လည်း စနစ်တကျတွက်ချက် ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့်ယခု နေပြည်တော်- တောင်တွင်းကြီးမီးရထားလမ်း ခုံးကျော်တံတား တည်ဆောက်ခြင်း လုပ်ငန်းအား မိုးမကျမီ ဆောင်ရွက်၍ရသည့် လုပ်ငန်းများအား ဆောင်ရွက်နိုင်ရေးကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။
ထို့နောက် ရွှေပြည်တော်ဝင် လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများနှင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နေပြည်တော် လေဆိပ်အဝင် လမ်းသစ်ဖောက်လုပ်နေမှုနှင့် ယာယီသံပေါင် ဘေလီတံတား တည်ဆောက်ရန် ဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးရာ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ယခုလေဆိပ် အဝင်လမ်းသစ်အား နေပြည်တော်မှ လေဆိပ်သို့ လာရောက်သူများနှင့် လေဆိပ်မှ နေပြည်တော်သို့ သွားရောက်သူများ ပိုမိုလျင်မြန် မြန်ဆန်စွာဖြင့် သွားလာရောက်ရှိနိုင်ရေး ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ လမ်းသစ် ဖောက်လုပ်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် အဆင့်ဆင့် အဆင့်မြှင့်တင် ဆောက်လုပ်သွားရန်လိုကြောင်း၊ နောင်အနာဂတ်တွင်ဖြစ် ပေါ်လာနိုင်မည့် လမ်းအသုံးပြုသူဦးရေနှင့် မော်တော်ယာဉ်အစီးရေ တိုးတက်လာနိုင်မှုများအပေါ် ထည့်သွင်းတွက်ချက်၍ လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက်လည်း Master Plan ရေးဆွဲ ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ လမ်းဘေးဝဲယာ တစ်လျှောက်၌ အရိပ်ရလေကာပင်များကိုလည်း မိုးရာသီအမီ စိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြား လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ရွှေပြည်တော် ဝင်လမ်းပေါ်ရှိ ရန်ကုန်-မန္တလေး မီးရထားလမ်း ခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တာဝန်ရှိသူတစ်ဦး၏ ရှင်းလင်းတင်ပြမှုများအပေါ် ပျဉ်းမနား မြို့ရှောင်လမ်းမှ ရွှေပြည်တော်ဝင်လမ်းသို့ဝင်ရောက်သည့်လမ်းအား စနစ်တကျဖြစ်စေရေး စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လမ်း များအားလုံးကို စနစ်တကျဖြစ်စေရေးနှင့် နောင်အနာဂတ်တွင် တိုးတက်လာမည့် မြို့ပြလူဦးရေနှင့် ယာဉ်အသုံးပြုမှုများပြားလာနိုင်မှုအပေါ် တွက်ချက်၍ တိုးချဲ့အဆင့်မြှင့်တင်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဒေသစိုက်ပျိုးသီးနှံများကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်း ဆောင်ရွက်နေမှု
ထို့နောက် ပျဉ်းမနားမြို့ ကျီးအင်း ကျေးရွာရှိ အေးခဲဟင်းသီးဟင်းရွက် ထုတ်လုပ်တင်ပို့ခြင်း လုပ်ငန်း (Myanmar Agri Foods Co.,Ltd.)သို့ ရောက်ရှိလေ့လာရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဒေသတွင်း မှထွက်ရှိသည့် ရုံးပတီသီး၊ ဟင်းနုနယ်၊ ဘိုစားပဲ၊ သရက်သီးနှင့် ပဲအမျိုးမျိုးတို့အပါအဝင် ဟင်းသီးဟင်းရွက် မျိုးစုံအား အေးခဲဟင်းသီးဟင်းရွက်များ ထုတ်လုပ်၍ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေမှု အခြေအနေများ၊ အခြေခံလူတန်းစားများ၏ တစ်ဦးချင်းဝင်ငွေတိုးတက်စေရေး ဆောင်ရွက်ပေးနိုင်မှု၊ ကန်ထရိုက် လယ်ယာစိုက်ခင်းများမှ ကုန်ကြမ်းများကို ၉၉ ရာခိုင်နှုန်းအထိ အသုံးပြု ထုတ်လုပ်လျက်ရှိမှု၊ အရည်အသွေး ပြည့်မီသည့် ထုတ်ကုန် အသစ်များအတွက် လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များ၊ လက်ရှိဈေးကွက်ရရှိမှု အခြေအနေများနှင့် ယင်းကို အခြေခံ၍ အာရှဈေးကွက်၊ ဥရောပ ဈေးကွက်များသို့ တိုးချဲ့ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်သမ္မတက နိုင်ငံအတွက် အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး လက်ရှိရရှိပြီးဖြစ်သည့် ဈေးကွက်ကို အဓိကရည်ရွယ်၍ ဆက်လက်တိုးချဲ့ထုတ်လုပ်တင်ပို့ နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စုပေါင်းသမဝါယမစနစ်ဖြင့်လည်း ဆောင်ရွက်၍ ရနိုင်ကြောင်း၊ ဟင်းသီးဟင်းရွက်များကို Green House များဖြင့် တစ်အုပ်တစ်မ ရာသီမရွေး စိုက်ပျိုးထုတ်လုပ်နိုင်အောင် သုတေသနပြုလုပ်၍ဆောင်ရွက်သွားမည်ဆိုပါက ကုန်ကြမ်း သီးနှံများပိုမိုရရှိနိုင်မည်ဖြစ်ပြီး ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ကာ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေများပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း။
ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကြမ်းမှစ၍ သုံးစွဲသူလက်ဝယ်သို့ ရောက်ရှိသည်အထိ အဆင့်အားလုံးကို ချိတ်ဆက်ထားသည့် ထောက်ပံ့ရေးကွင်းဆက် (Supply Chain)ကို စနစ်တကျစဉ်းစားတွက်ချက် ဆောင်ရွက်သွားရန် လိုကြောင်း၊ စိုက်ပျိုးမြေများကိုလည်း အကျိုးရှိ အောင် အသုံးချသွားရန်လိုကြောင်း နှင့် အခြားလိုအပ်သည်များကို အကြံပြုဆွေးနွေးသည်။
ယင်းနောက် ကုမ္ပဏီအတွင်း အေးခဲဟင်းသီးဟင်းရွက် ထုတ်လုပ်နေမှု လုပ်ငန်းဆောင်ရွက်နေမှု အဆင့်ဆင့်ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည် များ ပြန်လည်မေးမြန်းဆွေးနွေးကာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး များစွာအထောက် အကူဖြစ်သည့်လုပ်ငန်းတစ်ခုဖြစ်သဖြင့် လုပ်ငန်းတိုးချဲ့နိုင်ရေးနှင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်လည်း လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားနိုင်ရေး လမ်းညွှန်မှာကြားသည်။
ရေနုတ်မြောင်းများစနစ်တကျ ရှိစေရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေး
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ရန်ကုန်-မန္တလေးလမ်းဟောင်း အတိုင်း မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ပြီး အိုင်စောက်ကျေးရွာ အနီးနှင့် ပင်လောင်းလမ်းဆုံ နေရာတို့၌ လမ်းဘေးဝဲ/ယာ တစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် အေးမြင့်သာယာတံတား (ဆင်သေချောင်းကူး) သို့ ရောက်ရှိပြီး ဆင်သေချောင်း တစ်လျှောက် ချောင်းကမ်းပါးများအား သဘာဝဘေးဒဏ်ခံနိုင်ရေးနှင့် ရေကြီးရေလျှံမှုများဖြစ်ပေါ် ချိန်တွင် အရှိန်အဟုန်ဖြင့် ရေစီး ဆင်းမှုဒဏ်ခံနိုင်ရေးတို့ အတွက် ရေကြောင်းထိန်းသိမ်းခြင်းလုပ်ငန်း များအား စနစ်တကျဆောင်ရွက်သွားရန်၊ တံတားနေရာများ၌လည်း ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


