ပူတာအို မေ ၂၅
ကချင်ပြည်နယ် ဝန်ကြီးချုပ်သည် ယမန်နေ့နံနက်ပိုင်းက ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက် အတွင်း နမ့်ထွမ်ချောင်းရေ တိုက်စားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေတိုက်စားမှု ကာကွယ်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
အဆိုပါရပ်ကွက်အတွင်း စူပါဝမ်း ဝါးတူထုတ်လုပ်ရေး လုပ်ငန်းကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းတိုးချဲ့ လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ နှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းရည်မှန်းချက်များ ပြည့်မီစေရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး ဌာနဆိုင်ရာများ၊ စာပေယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာ ရေးအသင်းအဖွဲ့များ၊ တောင်သူများနှင့်တွေ့ဆုံသည်။ ဌာနဆိုင်ရာ များနှင့် ဒေသခံများက လုပ်ငန်း ဆောင်ရွက်မှုများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဘာသာရေးအသင်းအဖွဲ့များအတွက် ငွေကျပ် ၆၅ သိန်း နှင့် ချီးမြှင့်ငွေများကို ပေးအပ်သည်။
ဆက်လက်၍ မန်စေခွန်ကျေးရွာ အုပ်စု နမ်မခူးနမ်ဆည်နှင့် အထက် ဘက်ရှိ အကျိုးပြုလယ်ဧက ၂၀၀ ကျော်အတွက် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် ချောင်းရေ တိုက်စားမှု ကာကွယ်ရေး အတွက် ရေကာတန်းနှင့် သဲနုန်း တူးဖော်နိုင်ရေး ပေါင်းစပ် ဆောင်ရွက်ပေးပြီး ငွေကျပ်သိန်း ၁၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


