နေပြည်တော် မေ ၂၅
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာန အောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများကို ဇွန် ၁ ရက် တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
စတင်ဆောင်ရွက်
နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းမှ စတင်၍ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများအား တာဝန်ကျ ဆရာ ဆရာမများက ကျောင်းအပ်နှံရာတွင် စနစ်တကျနှင့် အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးကြသည်။
ကျောင်းအပ်နှံရာတွင် မူလတန်း အဆင့်အတွက် သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ် တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံလေးချောင်းနှင့် ကျောင်းဝတ်စုံ တစ်စုံ၊ အလယ် တန်းနှင့် အထက်တန်းအဆင့် တို့တွင် သင်ရိုးညွှန်းတမ်းပုံနှိပ် စာအုပ် တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံနှစ်ချောင်းနှင့် ဘောပင်နှစ်ချောင်းတို့ကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ်သွားမည့်အပြင် အခြေခံပညာကျောင်းများမှာ အခမဲ့ပညာရေးစနစ် ဖြစ်သောကြောင့် ကျောင်းဝင်ကြေးနှင့် အခြားမည်သည့်ကြေးမျှ ပေးသွင်းရန်မလိုဘဲ အခမဲ့ထောက်ပံ့ ပေးလျက်ရှိသည်။
ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား ကျောင်းသူများ သန့်ရှင်းသပ်ရပ်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက်လည်း ကျောင်းဥပဓိရုပ် ကောင်းမွန်စေရန် ဆောင်ရွက်ထားခြင်း၊ ပညာရေး ဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်း သတ်မှတ်ချက်များနှင့် ဆောင်ပုဒ်များ စိုက်ထူထားခြင်း၊ ကျောင်းအပ်ရန် စာသင်ခန်းများ ပြစနစ်ပုံ ဆိုင်းဘုတ်များထားရှိခြင်း၊ စာသင်ခန်းများအတွင်း၌ စာသင်ခုံများ စနစ်တကျ နေရာချထားခြင်းနှင့် ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားသည်ကိုလည်း တွေ့မြင်ရသည်။
ထို့ပြင် တာဝန်ထမ်းဆောင်နေသော ဆရာ ဆရာမများနှင့် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက်လည်း သက်ဆိုင်ရာ မြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့ အစည်းများက လုံခြုံရေးဆောင် ရွက်ပေးလျက်ရှိသည့်အပြင် ကျောင်းသား ကျောင်းသူများ လုံခြုံစိတ်ချစွာဖြင့် ကျောင်းတက်၊ ကျောင်းဆင်း သွားလာနိုင်ရန် အတွက် ကျောင်းကြို၊ ပို့ယာဉ်များကိုလည်း စီစဉ်ဆောင်ရွက်ပေး ထားသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်း အသီးသီး၌ ယနေ့တွင် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ မူလတန်း အဆင့်၌ ၂၅၁၄၄ ဦး၊ အလယ်တန်း အဆင့်၌ ၁၃၉၆၁ ဦးနှင့် အထက် တန်းအဆင့်၌ ၃၃၇၁ ဦး စုစုပေါင်း ၄၂၄၇၆ ဦး လာရောက်ကျောင်း အပ်နှံခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


