နေပြည်တော် မေ ၂၇

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် ရွှေကျင်-ဘောကထနှင့် ဒေသ တစ်ဝိုက်၌ နယ်မြေလုံခြုံရေး တာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ၎င်းတို့၏ နေ့စဉ် လူမှုစီးပွားဘဝများတွင် စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက် အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံမှုရှိစေရေး၊ နိုင်ငံတော် တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် အသက်ကိုပဓာနမထားဘဲ ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက် လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ အိုးစည်ဒိုးပတ်၊ အတီး၊ အမှုတ်၊ အက၊ အခုန် များဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်း ဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်