နေပြည်တော် မေ ၂၇

အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်း လူငယ် သင်တန်းအမှတ်စဉ်(၉)မှ သင်တန်း သားများနှင့် နည်းပြအုပ်ချုပ်သူများသည် ရန်ကုန်စစ်ကြောရေး နှင့် တည်းခိုရေးစခန်းတွင် တည်းခိုနေထိုင်၍ ရန်ကုန်မြို့အတွင်း လေ့လာရေးခရီးစဉ်များ ဆောင် ရွက်လျက်ရှိရာ ယနေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအားဖူးမြော်ခြင်းနှင့် ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက် (ရန်ကုန်)သို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ကြသည်။

ကြည့်ရှုလေ့လာ

နံနက်ပိုင်းတွင် လေကြောင်း လူငယ်သင်တန်းသားများသည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ခဲ့ကြရာ ရင်ပြင်တော် တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းတွင် တာဝန်ရှိသူများက စေတီတော်မြတ်ကြီး၏သမိုင်းကြောင်းကို ရှင်းလင်းပြောကြား သည်။ ထို့နောက် ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ကျောက်စိမ်းဗုဒ္ဓ ရုပ်ပွားတော်နှင့် ဗုဒ္ဓစွယ်တော်ပွား တို့အား လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ကြပြီး ဗုဒ္ဓပြတိုက်နှင့် ဓာတ်ပုံပြခန်းတို့အား ကြည့်ရှု လေ့လာခြင်း၊ ရှေးဟောင်း ကြေးဆင်းတုတော်များ၊ ခေတ်အဆက်ဆက် ဗိသုကာလက်ရာများ၊ တန်ဆောင်းအတွင်းရှိ ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ကုန်းဘောင်ခေတ်နှင့် ရတနာပုံခေတ်များ၌ ထုဆစ် ကိုးကွယ်ခဲ့ကြသော ဗုဒ္ဓရုပ်ပွား တော်များအား လေ့လာဖူးမြော် ခြင်းများ ဆောင်ရွက်ကြသည်။ ယင်းနောက် လေကြောင်းလူငယ် သင်တန်းသားများက စုပေါင်း အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

မွန်းလွဲပိုင်းတွင် လေကြောင်း လူငယ်သင်တန်းသားများသည် ပြည်သူ့ရင်ပြင်ရှိ အာကာသ ပြတိုက်(ရန်ကုန်)သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။ ထို့နောက် သင်တန်းသားများသည် အာကာသ ပြတိုက်အတွင်းရှိ GOTO Planetarium Analog Projection System အား လေ့လာခြင်း၊ Deep Space Exploration ပြခန်း၊ Space Station ပြခန်း၊ ခရုပတ်ပုံစံ ပြခန်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အမေရိကန်နိုင်ငံ တို့မှ အာကာသအတွင်းသို့ ခေတ်အဆက်ဆက် လွှတ်တင်ခဲ့ကြသည့် ဒုံးပျံများနှင့် အာကာသ ယာဉ်ပုံစံငယ်များ၊ အာကာသအတွင်း လှည့်ပတ်သွားလာလျက်ရှိသည့် ဂြိုဟ်တုပုံစံငယ်များ၊ ဒုံးပျံ လွှတ်တင်ရေးစခန်းမှ ဒုံးပျံလွှတ် တင်မှုသရုပ်ပြသမှုများ၊ Reentry Capsule အာကာသယာဉ်ပုံစံနှင့် VR Simulator ပုံစံတို့အား လှည့်လည် ကြည့်ရှုခြင်းများ ဆောင်ရွက်ကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။ ယင်းနောက် PLANETARIUM ROOM ပင်မပြခန်းဆောင်တွင် သိပ္ပံပညာနှင့် အာကာသဆိုင်ရာ ရှာဖွေတွေ့ရှိချက် များစွာကို အသက်ဝင် လှုပ်ရှားနေသည့် ပြကွင်းပြကွက်များဖြင့် ပြသခဲ့ရာ သင်တန်းသားများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်