ရန်ကုန် မေ ၂၈
တရုတ်နိုင်ငံ ယူနန်မီဒီယာဂရု (Yunnan Media Group)နှင့် မြန်မာဘာသာဖြင့် လစဉ်ထုတ်ဝေသည့် ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်းတို့ အကြား သတင်း၊ အကြောင်းအရာ ပံ့ပိုးမှုနှင့် နည်းပညာဆိုင်ရာ တို့ကို ပူးပေါင်းဆောင်ရွက်နိုင်ရေး နှစ်ဖက်နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏအားကစား ကွင်းအတွင်းရှိ Myanmar Sport Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ မြဝတီရုပ်မြင်သံကြား တို့မှ တာဝန်ရှိသူများ၊ Yunnan Media Group ဒုတိယဥက္ကဋ္ဌ Ms. Zhang Ying နှင့် တာဝန်ရှိသူများ၊ မြန်မာ-တရုတ် ပူးပေါင်း ဆက်ဆံရေးအသင်း၊ ဆွေမျိုး ပေါက်ဖော်မဂ္ဂဇင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် Yunnan Media Group ဒုတိယဥက္ကဋ္ဌ Ms. Zhang Ying နှင့် ဆွေမျိုး ပေါက်ဖော်မဂ္ဂဇင်း ထုတ်ဝေသူ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက် ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ခင်လေး တို့က တက်ရောက်လာသူများ ရှေ့မှောက်တွင် နှစ်ဖက်နားလည်မှု စာချွန်လွှာ(MoU)ကို လက်မှတ်ရေးထိုးကြသည်။
ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းသည် ၂၀၂၀ ပြည့်နှစ်မှ စတင်ထုတ်ဝေ ကာ Application တစ်ခုကိုလည်း ဆောင်ရွက်ထားပြီး မြဝတီရုပ်မြင် သံကြားတွင်လည်း “ဆွေမျိုး ပေါက်ဖော်မှ ရသအစုံစုံ သုတ အဖုံဖုံ” အစီအစဉ်ကိုလည်း ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


