ပရီမီယာလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်နှင့် လာလီဂါကလပ် ဗယ်လက် ကာနိုအသင်းတို့၏ ယူအီးအက်ဖ်အေကွန်းဖရင့်လိဂ်ဗိုလ်လုပွဲစဉ်ကို မေ ၂၈ ရက် နံနက် ၁ နာရီခွဲက ဂျာမနီနိုင်ငံ လိုက်ဇစ်မြို့ရှိ ရက်ဘူးလ်အရီ နာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ခရစ္စတယ်ပဲလေ့စ်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပြင်သစ်တိုက်စစ်ကစားသမား  မာတီတာက ပွဲချိန် ၅၁ မိနစ်တွင်  သွင်းယူပေးခဲ့သည်။ မာတီတာ၏ အဆိုပါသွင်းဂိုးမှာ ယခုနှစ် ရာသီပြိုင်ပွဲစုံ ၁၆ ဂိုး မြောက်ကို သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဗယ်လက်ကာနိုအသင်းသည် ပွဲချိန်တစ်လျှောက် ခရစ္စတယ်ပဲလေ့စ်အသင်းကို ခြေရည်တူကစားနိုင်ခဲ့သော်လည်း ဂိုးရရှိနိုင်သည့် အခွင့်အရေးဖန်တီးမှု အနည်းငယ်သာပြုလုပ်နိုင်ခဲ့သည်။ ခရစ္စတယ်ပဲလေ့စ်အသင်းက ဂိုးရရှိနိုင်သည့်အခွင့်အရေးဖန်တီးမှု လေးကြိမ်ထက်မနည်း ပြုလုပ်နိုင်ခဲ့ပြီး ဗယ်လက်ကာနိုအသင်းကို ပွဲချိန်အများစု အခက်တွေ့အောင် ကစားနိုင်ခဲ့သည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ခရစ္စတယ်ပဲလေ့စ်အသင်းသို့ ရောက်ရှိလာသော နည်းပြ အိုလီဗာ ဂလက်စနာသည် နှစ်နှစ်ခွဲကာလအတွင်း အက်ဖ်အေဖလား၊  ကွန်မြူနတီဒိုင်းနှင့်  ကွန်းဖရင့်လိဂ် ဖလားတို့ကို ဆွတ်ခူးရရှိအောင်  စွမ်းဆောင်ပေးထားနိုင်ပြီဖြစ်သည်။   ၎င်းသည် ခရစ္စတယ်ပဲလေ့စ်အသင်း ကို ဆုဖလားများစွာဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးပြီးနောက် ယခုအခါ အသင်းမှထွက်ခွာတော့မည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်