နေပြည်တော် မေ ၃၀

 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ ညနေပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ ယခုကဲ့သို့ တရားဝင်ခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမည့် အခြေအနေများ၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပေါ် ထောက်ခံမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် အခြားနှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

 

အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Shri Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်