နေပြည်တော် မေ ၃၀

 

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ညနေပိုင်းတွင် အိန္ဒိယနိုင်ငံဆိုင်ရာသံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။

 

တွေ့ဆုံပွဲသို့‌ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဦးနှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်မိုးလွင်နှင့် ဇနီး၊ သံရုံး၊ စစ်သံရုံးမိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာ သံရုံး၊ စစ်သံရုံး မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတက သံရုံးရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။

 

ထို့နောက် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သံရုံး၊ စစ်သံရုံးမိသားစုများက တစ်ဦးချင်းမိတ်ဆက်ကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ သံရုံး၊ စစ်သံရုံးမိသားစုဝင်များနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ မိမိအနေဖြင့် ယခုလာရောက်ခဲ့သည့် ခရီးစဉ်သည် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အကြီးအကဲအနေဖြင့် ပြည်ပနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ရှေးယခင်ကတည်းက ကောင်းမွန်သည့်ဆက်ဆံရေးများရှိခဲ့ကာ သမိုင်းကြောင်းအရလည်း တူညီမှုများရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထမ်းဆောင်ခဲ့ရကြောင်း၊ သို့သော် တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခင်ဒီမိုကရေစီအစိုးရ သက်တမ်းကာလနှစ်ခုတွင်လည်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း။

 

ဒီမိုကရေစီ ပထမအစိုးရသက်တမ်းကာလတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆောင်ရွက်ခဲ့ပြီး ထိုက်သင့်သလောက် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ဖော်ပြထားပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းကာလတွင် စီမံခန့်ခွဲမှုအားနည်းချက်များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တိုင်းပြည်အနေဖြင့် အနုတ်လက္ခဏာဖြစ်ပေါ်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲထပ်မံကျင်းပချိန်တွင် ၎င်းတို့ပါတီ ထောက်ခံမဲ မရရှိမည်ကို စိုးရိမ်သဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မသမာမှုများဖြစ်အောင်  လုပ်ဆောင်ခဲ့ကြကြောင်း။

 

ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးချိန်တွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည်ကို အခြားပါတီများက မိမိထံ လာရောက်ပြောကြားခဲ့ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ထိုအချိန်က နိုင်ငံတော်တာဝန်ယူထားသည့် အစိုးရတာဝန်ရှိသူများထံ အကြိမ်ကြိမ် အကြောင်းကြားခဲ့သော်လည်း ဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်ကိုခေါ်ယူ၍ နိုင်ငံတော်အာဏာကိုရယူရန် လုပ်ဆောင်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်တာဝန်များကို ဝင်ရောက်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့် ပြည်ပနိုင်ငံများ အနေဖြင့်လည်း မိမိတို့နိုင်ငံအပေါ် ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့ကြပြီး မိမိတို့အနေဖြင့် အခက်အခဲများကြားမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခဲ့ရကြောင်း။

 

မိမိတို့အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး အဘက်ဘက်မှ စဉ်းစားဆောင်ရွက်ခဲ့ပြီး ယခုအခါ ရွေးကောက်ပွဲကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ပြည်သူများမှ ရွေးချယ်သည့် ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ယခုအခါ လွှတ်တော်ကျင်းပ၍ အရွေးချယ်ခံအစိုးရအဖွဲ့မှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေပြီဖြစ်ကြောင်း။

 

ယခုအခါ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ပြည်သူများ၏ဆန္ဒနှင့်အညီ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပင်ဖြစ်ကြောင်း၊ ယနေ့အချိန်အခါနှင့်ကိုက်ညီသည့် ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန် အတွက်လည်း ဆွေးနွေးဆောင်ရွက်ပြီး လွှတ်တော်၏သဘော တူညီချက်ဖြင့် ပြင်ဆင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သို့သော် တိုင်းပြည်အတွက် ထိခိုက်မည့် ကိစ္စရပ်များကိုလည်း ကာကွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံ၏ ပညာရေးတွင် အားနည်းချက်များရှိနေကြောင်း၊ ထိုသို့ပညာရေး အားနည်းမှုများ ကြောင့် အသိပညာ၊ အတတ်ပညာများ အားနည်းပြီး တစ်ဦးချင်း၏ ဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နိုင်မှု အားနည်းနေသည်ကို တွေ့ရကြောင်း၊ အချို့ပြည်ပနိုင်ငံများမှ အဖွဲ့အစည်းများအနေဖြင့် အဆိုပါပညာရေး အားနည်းမှုကို အသုံးချ၍ မိမိတို့နိုင်ငံအပေါ် ၎င်းတို့လိုချင်သည့်ပုံစံဖြစ်စေရေး သွေးထိုးလှုံ့ဆော်မှုများကို လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏ ပညာရည်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း။

 

မိမိတို့နိုင်ငံ၏ စီးပွားရေးမှာ ခေတ်အဆက်ဆက်တွင် အားနည်းချက်များရှိခဲ့သည်ကို မှတ်တမ်းများအရ သိရှိနိုင်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများ အားနည်းခဲ့ပြီး ပြည်တွင်းသယံဇာတများကို ထုတ်ယူသုံးစွဲခြင်းများဖြင့် နိုင်ငံ့စီးပွားရေးကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ကို တာဝန်ယူဆောင်ရွက်မည့် ငါးနှစ်တာကာလအတွင်း ပညာရေး၊ စီးပွားရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံတွင် လာရောက်တာဝန်ထမ်းဆောင်လျက်ရှိသည့် သံရုံး၊ စစ်သံရုံး မိသားစုများအနေဖြင့် မိမိတို့တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြည်ပနိုင်ငံတွင် ရောက်ရှိနေချိန်အတွင်း ရရှိသည့် အားလပ်ချိန်များတွင် အင်္ဂလိပ်စာနှင့် ကွန်ပျူတာနည်းပညာပိုင်းဆိုင်ရာများကို တစ်ဦးချင်း လေ့လာဆောင်ရွက်သွားကြရန် လိုကြောင်း၊ နောင်တစ်ချိန်တွင် တိုင်းပြည်အတွက် စွမ်းဆောင်နိုင်သူများဖြစ်ရန် မျှော်လင့်ကြောင်း။

 

မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များကို တတ်နိုင်သည့်ဘက်မှ အင်တိုက်အားတိုက်ပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုကဲ့သို့ ပြည်ပတွင် နေထိုင်ရချိန်ကာလအတွင်း နိုင်ငံ့ဝန်ထမ်းများဖြစ်ကြပြီး နိုင်ငံ့အတွက် ဆောင်ရွက်နေသည့်စိတ်ဖြင့် စည်းစည်းလုံးလုံးနေထိုင်သွားကြစေလိုကြောင်း၊ အိန္ဒိယနိုင်ငံသည် ပူပြင်းသည့်ရာသီဥတုသို့ ရောက်ရှိနေပြီဖြစ်သဖြင့် တစ်ဦးချင်း၏ ကျန်းမာရေးကို ဂရုစိုက်ဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားပြီး လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတက သံရုံး၊ စစ်သံရုံးမိသားစုများ၊ ပညာတော်သင် သင်တန်းသားအရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) နှင့် ပညာတော်သင် သင်တန်းသားများက လက်ခံရယူကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးမိသားစုများက တည်ခင်းဧည့်ခံသည့် ညစာအား မိသားစုများနှင့်အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။ 

 

သတင်းစဉ်