လွိုင်ကော် ဇွန် ၁
ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်) စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော် တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူများအတွက် ဆန်၊ ဆီနှင့် ချီးမြှင့်ငွေ များ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ကြသည်။
ယင်းနောက် လွိုင်ကော်မြို့ ပြည်နယ်အားကစားကွင်း ဖူဆယ်အားကစားရုံ၌ကျင်းပသည့် ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်ပြီး ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် လောဓမ္မ(က)အသင်းနှင့် လွယ်ထွဲအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးရာ ပြိုင်ပွဲအပြီးတွင် လွယ်ထွဲအသင်းက လောဓမ္မ(က) အသင်းကို သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က အကောင်းဆုံးကစားသမားဆု ရရှိကြသူများနှင့် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသည့်အသင်းများကို တံခွန်စိုက်ဆုဖလား၊ ငွေသားဆုနှင့် ဆုတံဆိပ်များ ပေးအပ်ကြသည်။
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၆ သင်း၊ အားကစားသမား ၁၉၂ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
သတင်းစဉ်


