ရုရှားထိပ်တန်းတင်းနစ်မယ် မေရာအန်ဒရေဗာသည် ပြင်သစ်အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ စတုတ္ထအဆင့်တွင် ဆွစ်ဇာလန်တင်းနစ်မယ် ဂျေးလ်တိုက်ချ်မန်းကို ၆-၃၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိပြီး  ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

အန်ဒရေဗာသည်  ယခုလအစောပိုင်းက ကျင်းပခဲ့သည့်  မက်ဒရစ်အိုးပင်း  အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့သော်လည်း   ပြိုင်ဘက်ယူကရိန်း တင်းနစ်မယ် မာတာကော့ကျုခ်ကို ရှုံးနိမ့်ခဲ့သည့်အတွက်  ဖလားဆွတ်ခူးခွင့် လွဲချော်ထားသည်။

တိုက်ချ်မန်းသည် ဆမ်ဆိုနိုဗာ၊ ဖရက်ချ်၊ မူချိုဗာတို့ကို အသီးသီး အနိုင်ယူကျော်ဖြတ်ထားသော်လည်း စတုတ္ထအဆင့်တွင် အန်ဒရေဗာကို ရှုံးနိမ့်ခဲ့သည့်အတွက် ပြိုင်ပွဲမှ ထွက်ရပြီဖြစ်သည်။ အန်ဒရေဗာသည် ပြင်သစ်အိုးပင်းအမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ရိုမေနီးယားတင်းနစ်မယ် ဆိုရာနာဆာစတီယာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဆာစတီယာသည် စတုတ္ထအဆင့်တွင် တရုတ်တင်းနစ်မယ် ဝမ်ရွှီးယုကို ၆-၃၊ ၇-၆ (၇-၄) ရလဒ်ဖြင့် အနိုင်ယူကျော်ဖြတ်ကာ ကွာတားဖိုင်နယ်တက်လှမ်းလာသူဖြစ်သည်။

ပြင်သစ်အိုးပင်းဖလားကို လေးကြိမ်အထိ ဆွတ်ခူးရရှိထားသည့် နာမည်ကြီး ပိုလန်တင်းနစ်မယ် အီဂါဆွီယာတက်ခ်သည် စတုတ္ထအဆင့်တွင် ယူကရိန်းတင်းနစ်မယ် မာတာကော့ကျုခ်ကို ရှုံးနိမ့်ခဲ့သည့်အတွက်  ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။                                                                               

အန်ဒရေဗာနှင့်အတူ ပြင်သစ်အိုးပင်းအမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲကွာတားဖိုင်နယ်သို့ ဆာစတီယာ၊ စဗစ်တိုလီနာနှင့် ကော့ကျုခ်တို့ တက်လှမ်းထားနိုင်ပြီ ဖြစ်သည်။                                      

အောင်ဇော်