နေပြည်တော် ဇွန် ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ စီမံကိန်းရေးဆွဲရာတွင် အကျိုးပြုမှုများသော လုပ်ငန်းများကို ဦးစားပေးရွေးချယ်ရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြား၍ မိတ္ထီလာမြို့နယ် မကျီးပင်ပုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် အစုအဖွဲ့စနစ် နို့စားနွားမွေးမြူရေးလုပ်ငန်းကို ကြည့်ရှု အားပေးသည်။
ယင်းနောက် ကျေးရွာငါးရွာရှိ အိမ်ခြေ ၆၆၂ အိမ်၊ လူဦးရေ ၃၁၀၀ ကျော်နှင့် စိုက်ပျိုးမြေဧက ၁၃၀၀ ကျော်ကို တိုက်ရိုက်အကျိုးပြုပေးနိုင်မည့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုပြီး ညောင်မြင့်ကျေးရွာဓမ္မာရုံ၌ ဒေသခံတောင်သူ များနှင့် တွေ့ဆုံအမှာစကားပြောကြား၍ ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာအုပ်စု ပန်းတင်ကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုပြီး ရမည်းသင်းမြို့နယ် အင်ကြင်းကန် (ရွာမ) ကျေးရွာရှိ အသင်းဝင်တောင်သူ ဦးသာမောင်၏ စိုက်ခင်း၌ ကျေးရွာရှိ ရွှေမိုးငွေမိုးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများ၊ ကျေးရွာနေပြည်သူ များနှင့် တွေ့ဆုံအမှာစကားပြောကြားကာ ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


