နေပြည်တော် ဇွန် ၃

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့ အစည်းအဝေးသို့ ၂၀၈ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့် အတွက် အစည်းအဝေးအထ မြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက် ရယူ၍ မှတ်တမ်းတင်သည်။

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်ချစ်လွင်၏ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ရှိ ဆိုလာ ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ မီတာခ လျှော့ပေါ့ကောက်ခံရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကျော်က ခန္တီးမြို့ အား ၂၄ နာရီ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရန် နေရောင်ခြည်စွမ်းအင် တစ်ခုတည်းဖြင့် လုံလောက်မှုမရှိ သဖြင့် ဆိုလာဓာတ်အားပေးစက်ရုံ တွင် Hybrid စနစ် ထည့်သွင်း တည်ဆောက်ခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ခန္တီးမြို့အား ၂၄ နာရီ ဓာတ်အား ဖြန့်ဖြူးမည်ဆိုပါက ဘက်ထရီသက်တမ်းနှင့် ဆိုလာ သက်တမ်းအပြည့်အဝ သုံးစွဲနိုင်ရန်အတွက် နေရောင်ခြည် ကောင်းစွာ မရရှိသောနေ့များနှင့် ဘက်ထရီအား ၅၀ ရာခိုင်နှုန်းအောက် ရောက်ရှိချိန်များတွင် ဒီဇယ်ဓာတ်အားပေး စက်များ မောင်းနှင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

 

ခန္တီးမြို့သည် မိုးရာသီနှင့် ဆောင်းရာသီ ကာလများတွင် နေရောင်ခြည် ကောင်းမွန်စွာ မရရှိသဖြင့် အဆိုပါကာလများတွင် ဆိုလာမှ ဓာတ်အားထုတ်လုပ်ပေး နိုင်မှု နည်းပါးနိုင်ပြီး ဘက်ထရီ အားသွင်းရန်လည်း နည်းပါးနိုင်သဖြင့် အဆိုပါရက်များတွင် အချိန်အနည်းငယ်သာ ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဆိုလာနှင့် ဘက်ထရီမှ ထုတ်လုပ်သော ဓာတ်အားဖြင့်သာ ဓာတ်အားဖြန့်ဖြူးပေးမည်ဆို ပါက ခန္တီးမြို့တွင် လျှပ်စစ်မီး အသုံးပြုနိုင်မှုသည် နေရောင်ခြည် ရရှိမှုပေါ်တွင် အဓိကမူတည်နေမည်ဖြစ်၍ အရေးကြီးနေရာများ အား ၂၄ နာရီ ဓာတ်အားမပေးနိုင်ပါကြောင်း၊ ၂၄ နာရီ ဓာတ်အားရရှိ လိုပါက ဒီဇယ်ဓာတ်အားပေးစက် များကို တစ်နေ့လျှင် အနည်းဆုံး နှစ်နာရီခန့် မောင်းနှင်ဓာတ်အား ပေးရန် လိုအပ်မည်ဖြစ်ပြီး ဒီဇယ်ဆီတစ်ဂါလန်ဖြင့် စက်မောင်းနှင်ပါက စက်ထွက် ၁၄ ယူနစ်ခန့် သာ အများဆုံးအသုံးပြုနိုင်ပြီး ဒီဇယ်ဆီတစ်ဂါလန်လျှင် ဒေသ ပေါက်ဈေး ငွေကျပ် ၄၄၀၀၀ ခန့်ရှိ ခြင်းကြောင့် တစ်ယူနစ်ဈေး ၃၁၄၃ ကျပ်ခန့် ကျသင့်မည်ဖြစ်ပါကြောင်း။

 

ဓာတ်အားခ လျှော့ချကောက်ခံနိုင်ရေး

 

သို့ပါ၍ ဆိုလာနှင့် ဘက်ထရီကို သာအသုံးပြု၍ ခန္တီးမြို့ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း ဆောင်ရွက်ပါက ၂၄ နာရီ ဓာတ်အားရရှိနိုင်မည် မဟုတ်ပါ ကြောင်း၊ ဓာတ်အားထုတ်လုပ်နိုင် မှုသည် နေရောင်ခြည်ရရှိမှုအပေါ်တွင် အလုံးစုံမှီခိုနေရခြင်းကြောင့် တစ်ရက်နှင့်တစ်ရက် ဓာတ်အား ရရှိရန် မတူညီနိုင်ပါကြောင်း၊ နေရောင်ခြည် လုံလောက်စွာမရရှိ သော အချိန်များတွင် ဓာတ်အား ပြတ်တောက်မှုများ ရှိနိုင်ပါ ကြောင်း၊ အဆိုပါ အခြေအနေဖြင့် ဓာတ်အားခတစ်ယူနစ် (တစ်ကီလို ဝပ် နာရီ) ဈေးနှုန်းကို ငွေကျပ် ၉၀၀ ဖြင့် လျှော့ချကောက်ခံနိုင်ရန်အတွက် ခန္တီးမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချခြင်း ဆိုင်ရာ သဘောတူစာချုပ်ကို ပြန်လည်ချုပ်ဆိုသွားရန် အစီအစဉ်ရှိပါကြောင်း ပြန်လည် ဖြေကြားသည်။

 

ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အမှတ်(၇) ဦးခင်မောင်မြင့်၏ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ရပ်စောက်မြို့ နယ် အင်တောမြို့ ကျောက်ဂူ ကျေးရွာအုပ်စုရှိ တောင်ပိုင်း လေးရွာဖြစ်သော ဆီဆုံဂနိုင် ကျေးရွာ၊ စံပယ်ကုန်းကျေးရွာ၊ တောင်သူကုန်း ကျေးရွာ၊ တောင်ထိပ် ကျေးရွာများအား လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း ၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ကျောက်ဂူ ကျေးရွာအုပ်စုရှိ တောင်ပိုင်းလေးရွာဖြစ်သော ဆီဆုံ ဂနိုင်ကျေးရွာ၊ စံပယ်ကုန်းကျေးရွာ၊ တောင်သူကုန်း ကျေးရွာ၊ တောင်ထိပ် ကျေးရွာတို့သည် အင်တောမြို့နှင့် ကျောက်ဂူ ကျေးရွာအကြား တည်ရှိပြီး ကျောက်ဂူကျေးရွာမှ ရှစ်မိုင်အတွင်း တည်ရှိသော ကျေးရွာများဖြစ်ပါ ကြောင်း၊ ယင်းကျေးရွာများ ဓာတ်အားရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ် အစိုးရ ရန်ပုံငွေများဖြင့် တောင်ထိပ်ကျေးရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁ ဒသမ ၅၂ မိုင်၊ တောင်သူကုန်းကျေးရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း တစ်မိုင်၊ စံပယ်ကုန်းကျေးရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁ ဒသမ ၅ မိုင်နှင့် ဆီဆုံဂနိုင်ကျေးရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၂ ဒသမ ၅ မိုင်တို့ အား တည်ဆောက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

 

သို့သော် ဇော်ဂျီအမှတ်(၂) ဓာတ်အားပေးစက်ရုံရှိ ၁၁/၁၁ ကေဗွီ၊ ၂ အမ်ဗွီအေ Isolation Transformer သည် အမြင့်ဆုံး ဝန်အား ၁ ဒသမ ၄ မဂ္ဂါဝပ်အထိ ရှိနေပြီဖြစ်သည့်အတွက် အဆိုပါ ကျေးရွာလေးရွာအား ထပ်မံ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်း မရှိခဲ့ပါကြောင်း။

 

ဇော်ဂျီ(၂) ကျောက်ဂူ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၉ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်နိုင်ရေးအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာ နှစ်မှစတင်၍ ပြည်ထောင်စု ရန်ပုံငွေတွင် ထည့်သွင်းလျာထား ပြီး ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် အဆိုပါ ၆၆ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည် ဆောက်ပြီးစီးမှသာ ကျောက်ဂူ ကျေးရွာအုပ်စုရှိ တောင်ပိုင်း လေးရွာဖြစ်သော ဆီဆုံဂနိုင် ကျေးရွာ၊ စံပယ်ကုန်းကျေးရွာ၊ တောင်သူကုန်း ကျေးရွာ၊ တောင်ထိပ် ကျေးရွာတို့အား ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာ လေးရွာတွင် ထပ်မံတည်ဆောက်ရန် လိုအပ်သည့် ၁၁ ကေဗွီ ဓာတ်အား လိုင်းများနှင့် ၁၁/ သုည ဒသမ ၄ ကေဗွီထရန်စဖော်မာ တည် ဆောက်ခြင်းလုပ်ငန်းများ ပြီးစီး မည့်ကာလနှင့် ကိုက်ညီအောင် ရှမ်းပြည်နယ် အစိုးရရန်ပုံငွေဖြင့် နှစ်အလိုက် လျာထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။

 

ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးဇော်ဇော်မြင့်၏ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် ဓာတ်အားပြင်ပစနစ် (OFF Grid) ဖြင့် နေစွမ်းအင်သုံးစီမံကိန်း(Solar Power Project) ကဲ့သို့ စီမံကိန်း တစ်ရပ်အား အကောင်အထည် ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ရခိုင်ပြည်နယ် မာန်အောင်ကျွန်းတွင် ၂၄ နာရီ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ကိုရီးယားနိုင်ငံ KOICA တို့ ပူးပေါင်း၍ ကွင်းဆင်း တိုင်းတာမှုအရ အဆင့်သုံးဆင့် ဖြင့် Solar Power Plant များ တည်ဆောက်၍ ဓာတ်အားပေးနိုင်ရန် စီမံချက်ရေးဆွဲခဲ့ပါကြောင်း။

 

ဓာတ်အားဖြန့်ဖြူးပေး

 

ပထမဆင့်အနေဖြင့် မာန်အောင် ကျွန်း ခအုန်းမော်ကျေးရွာ မြေဧက ၁၅ ဧကပေါ်တွင် သုည ဒသမ ၅ MW Solar Power Plant (Solar+ Battery+ Diesel Generator) စနစ်အား မြေဧက နှစ်ဧကကို အသုံးပြု၍ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် Posco Daewoo Co.,Ltd. ၏ လှူဒါန်းမှုဖြင့် တည်ဆောက်ခဲ့ပြီး မာန်အောင်မြို့ ပေါ် ငါးရပ်ကွက်နှင့် ကျေးရွာလေးရွာအား ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစ၍ ဓာတ်အား ဖြန့်ဖြူးပေးခဲ့ပါကြောင်း။

 

ဒုတိယအဆင့်အနေဖြင့် ကျေးရွာ ၆၂ ရွာ၊ အိမ်ထောင်စု ၆၂၄၁ စုအား ဓာတ်အားပေးနိုင်ရေး အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မှစတင်၍ ၁၁ ကေဗွီ ဓာတ်အား လိုင်း ၃၄ ဒသမ ၄ မိုင်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၄၃ ဒသမ ၆ မိုင်၊ ထရန်စဖော်မာ ၅၃ လုံးအား ပြည်နယ်အစိုးရ ဘတ်ဂျက်ဖြင့် ကြိုတင် တည်ဆောက်ထားပြီး ဖြစ်ပြီး ကျန်ရှိသည့် ၂ ဒသမ၅ MW Solar Power Plant (Solar+ Battery+ Diesel Generator)စနစ် တည်ဆောက်ခြင်းလုပ်ငန်းအား ခအုန်းမော်ကျေးရွာရှိ သုည ဒသမ ၅ MW Solar Power Plant မှ ကျန်မြေဧက ၁၃ ဧက ပေါ်တွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

သို့ပါ၍ ကျေးရွာ ၆၂ ရွာ၊ အိမ်ထောင်စု ၆၂၄၁ စုအား ဓာတ်အားပေးနိုင်ရေးအတွက် ၂ ဒသမ ၅ MW Solar Power Plant (Solar+ Battery+ Diesel Generator)စနစ် တည်ဆောက် ခြင်း လုပ်ငန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်မှ စတင်၍ ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဘဏ္ဍာငွေ ခွင့်ပြုရရှိမှုအပေါ် မူတည်၍ နှစ်အလိုက် လျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ဒုတိယအဆင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ ကျန်ရှိသည့်တတိယ အဆင့်အား အဆင့်အလိုက် ဆက်လက်လျာထား အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ပြန်လည် ဖြေကြားသည်။

 

 

ဆက်လက်၍ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁၁) ဦးဇော်ဇော်မြင့် ၏ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နယ်တွင် လမ်းမီးများအား နေရောင်ခြည်စွမ်းအင်သုံး (Solar Power System) ဖြင့် လျှပ်စစ်မီး တပ်ဆင်ပေးသွားနိုင်ရေး အစီအစဉ် ရှိ၊ မရှိ‌ မေးခွန်းနှင့် စပ်လျဉ်း ၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အတွင်း လမ်းမီးလုံးရေ ၂၀၀၀ ခန့် တပ်ဆင်ရန် ရှိသည့်အနက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဘဏ္ဍာငွေ ခွဲဝေပေးချက်အရ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကုန်ကျစရိတ်ဖြင့် ဦးဥတ္တမလမ်း၊ ဈေးလမ်း၊ ငလပွေ့လမ်းဟောင်း၊ ငလပွေ့လမ်းသစ်၊ ပိတောက်ရွှေဝါလမ်း၊ ရုံးတက်လမ်း၊ ကမ်းနားလမ်း စသည့်လမ်း များနှင့် စေတီယျရပ်ကွက်နှင့် ပြင်ဖူမော်ရပ်ကွက် စသည့်နေရာ များတွင် ၂၀၀ ဝပ် ဆိုလာလမ်းမီး အလုံးရေ ၁၀၀၀ အား တပ်ဆင်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။

တပ်ဆင်ရန် ကျန်ရှိသည့် ဆိုလာလမ်းမီးများအား မြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် ညှိနှိုင်း၍ လာမည့်ဘဏ္ဍာနှစ်များတွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ ဆက်လက်တပ်ဆင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ယင်းနောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ပေးအပ်ခံရသည့် ဧရာဝတီတိုင်း ဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁) ဦးရန်နိုင်ဝင်းက ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက အစိုးရ မဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌ အဖြစ် ကချင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အမှတ်(၄) ဒေါ်မီမီကျော်ထွန်းနှင့် အတွင်းရေးမှူးအဖြစ် စစ်ကိုင်း တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်ချစ်လွင်တို့ကို တာဝန်ပေးအပ် ဖွဲ့စည်းမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် သို့ တင်ပြသည်။

 

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခြင်း ဖြင့် ရရှိမည့်အကျိုးကျေးဇူးများသည် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟို ကော်မတီ၏ ကြီးကြပ်မှုများဖြင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက် ရေးဗဟိုဌာန (Anti-Scam Centre)ကို ဖွဲ့စည်းပြီး ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အီလက်ထရောနစ် ငွေပေးချေမှု ဝန်ဆောင်မှုပေးသူများ၊ ဆက်သွယ်ရေးအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှု ပေးသူများအကြား သံသယ ဖြစ်ဖွယ်အကောင့်များ၏ ငွေကြေး စီးဆင်းမှုများနှင့် ဆက်သွယ်ရေး ဆိုင်ရာ အချက်အလက်များကို ဒီဂျစ်တယ်စနစ်များ အချက် အလက်ဖလှယ်မှု နည်းပညာ (Application Programming Interface-API) မှတစ်ဆင့် အပြန်အလှန်ချိတ်ဆက်၍ သတင်း အချက်အလက်များ ဖလှယ်နိုင်မည်ဖြစ်ပါကြောင်း။

 

ထို့ပြင် အွန်လိုင်းလိမ်လည်မှုများကို ကြိုတင်တားဆီးကာကွယ် နိုင်မည်ဖြစ်သည့်အပြင် အွန်လိုင်း လိမ်လည်မှု ကျူးလွန်ခံရ၍ နစ်နာသူဆုံးရှုံးသွားသည့် ငွေကြေး စီးဆင်းမှုများကို အာဆီယံ ရဲတပ်ဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့တို့နှင့်ချိတ်ဆက်၍ သတင်း အချက်အလက်ဖလှယ်ပြီး အချိန်မီ ပိတ်သိမ်းခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အွန်လိုင်း လိမ်လည်မှု ကျူးလွန်သူများကိုလည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှ ဆွေးနွေးစဉ်းစား ဆောင်ရွက်ပေးနိုင်ပါရန် အဆိုတင်သွင်းသည်။

 

ယင်းနောက် ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၇) ဦးဇင်မင်းထက်က အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီအရင် ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

 

ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး တတိယနေ့ကို ဇွန် ၈ ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်