ဂျကာတာ ဇွန် ၃
အင်ဒိုနီးရှားနိုင်ငံသည် မြင့်တက်လာသော အသည်းရောဂါနှင့် ကင်ဆာရောဂါများကို တိုက်ဖျက် ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ယခုနှစ်ကုန်တွင် လူပေါင်း ၁၃၆ သန်းကို ဦးတည်ကာ အခမဲ့အမျိုးသား ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်ကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုဦးတည်လုပ်ဆောင်သော လူဦးရေမှာ ယခင်ဦးတည်ထားသည့် လူပေါင်းသန်း ၇၀ ထက် နှစ်ဆနီးပါးပိုမိုများပြားပြီး အသည်းရောင်အသားဝါရောဂါ ကူးစက်မှုများကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများမြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီ ဆာဒီကင်က ဇွန် ၂ ရက်တွင် ပြောသည်။
အင်ဒိုနီးရှားအစိုးရသည် အစောပိုင်းအဆင့် အသည်းအဆီဖုံးခြင်းကဲ့သို့သော ရောဂါလက္ခဏာများကို တွေ့ရှိနိုင်ရန် အထွေထွေရောဂါကုဆရာဝန်များကို သင်တန်းပေးကာ ရပ်ရွာအခြေပြု ကျန်းမာရေးဌာနများမှတစ်ဆင့် ရောဂါအခြေအနေများကို ဆောလျင်စွာရှာဖွေဖော်ထုတ်သည့်စနစ်ကို အားကောင်းခိုင်မာစေရန် စီစဉ်လုပ်ဆောင်နေကြောင်း ဆာဒီကင်က ပြောသည်။
အင်ဒိုနီးရှားနိုင်ငံရှိ အသည်းရောင်အသားဝါပိုးဆေးဝါးဈေးနှုန်းများမှာ မြင့်မားနေသောကြောင့် ကုသရေးအပိုင်းတွင် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဆင်ဟွာ


