ဇွန် ၄

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဟိုတယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ၂၁ ဦး သေဆုံးကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါမီးလောင်မှုမှလူ ၃၅ ဦးကျော်ကို ကယ်တင်နိုင်ခဲ့ပြီးနောက် ဆေးရုံသုံးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် သေဆုံးသူ သို့မဟုတ် ဒဏ်ရာရရှိသူများတွင် နိုင်ငံခြားသားအချို့ ပါဝင်ကြောင်း ထိခိုက်ဒဏ်ရာရရှိသူများ အများစုကို ပို့ဆောင်ခဲ့သည့် ဆေးရုံတစ်ခုမှ ဆရာဝန်တစ်ဦးက အတည်ပြုခဲ့သည်။

မီးလောင်မှုသည် မြေညီထပ်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မာလ်ဗီယာနာဂါဒေသရှိ မီကာဆာအင်းဟိုတယ်အပေါ်ထပ်များသို့ လျင်မြန်စွာပျံ့နှံ့သွားခဲ့ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ထပ်လောင်းပြောကြားခဲ့သည်။

ထိုဟိုတယ်တွင်အခန်းခြောက်ခန်းသာ ခွင့်ပြုထားသော်လည်း အခန်း ၂၅ ခန်းနီးပါးကို အထပ်မြင့်အဆောက်အအုံအတွင်း တရားမဝင်တည်ဆောက်ထားသည်ဟု သိရသည်။ ဟိုတယ်မှ လုံလောက်သော ထွက်ပေါက်မရှိသောကြောင့် လှေကားများပေါ်သို့ လူအများပြေးတက်ခဲ့ကြကြောင်းနှင့်  ထိခိုက်ဒဏ်ရာရသူများသည် ဟိုတယ်အဆောက်အအုံမှ ခုန်ချလာသည်ကို မြင်တွေ့ရကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီသည် လူမှုမီဒီယာပလက်ဖောင်း ပို့စ်တစ်ခုတွင် အသက်ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို