ဇွန် ၅

ဂျပန်နိုင်ငံတွင် ဧပြီလမှစ၍  ဇွန် ၄ ရက် မွန်းတည့်ချိန်အထိ စီရင်စု ၄၇ ခုအနက် အနည်းဆုံး ကိုးခုတွင် ဝက်ဝံတိုက်ခိုက်မှုကြောင့် ၂၅ ဦး ဒဏ်ရာရရှိ သို့မဟုတ် သေဆုံးမှုများ ရှိခဲ့ကြောင်း အင်န်အိတ်ချ်ကေ သတင်းဌာနမှစုစည်းထားသောအချက်အလက်များအရသိရသည်။ ၎င်းတို့အနက် လေးဦး သေဆုံးကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက  ဖော်ပြထားသည်။

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း အာကီတာမြို့ရှိ သူမ၏နေအိမ်အနီးရှိ တောင်ပေါ်တောအုပ်တစ်ခုတွင် ဇွန်  ၂ ရက်က အသက် ၇၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ အာဏာပိုင်များက အလောင်းရင်ခွဲစစ်ဆေးမှုနှင့် အလောင်း၏အခြေအနေအပေါ် အခြေခံ၍ ဝက်ဝံတစ်ကောင်၏ လက်ချက်ဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ဝက်ဝံများကို ခြောက်လှန့်နိုင်သည့် ရေဒီယို သို့မဟုတ် ခေါင်းလောင်းများကို သယ်ဆောင်ကြရန်နှင့် အပြင်ထွက်သည့်အခါ အုပ်စုလိုက် သွားလာကြရန် ဝန်ကြီးဌာနက ပြည်သူများအား တိုက်တွန်းထားသည်။

ထို့ပြင် မြင်ကွင်းမရှင်းလင်းသည့် နေရာများတွင် အသံကျယ်ကျယ် ပြုလုပ်ကြရန်နှင့် ဝက်ဝံများကို ဆွဲဆောင်နိုင်သည့် အစားအစာအကြွင်းအကျန်များ မထားရှိကြရန်လည်း တိုက်တွန်းထားသည်။

ဒေသန္တရအစိုးရများမှ ထုတ်ပြန်သော ဝက်ဝံတွေ့ရှိမှုဆိုင်ရာ နောက်ဆုံးရအချက်အလက်များကို စစ်ဆေးရန် ဝန်ကြီးဌာနက အကြံပြုထားသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို