နေပြည်တော် ဇွန် ၆
အွန်လိုင်းလိမ်လည် လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ် မြဝတီ မြို့နယ် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေ များရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင် ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီး ခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ် နယ်မြေအတွင်းရှိ တရားမဝင် သုံးထပ်လူနေအဆောက်အအုံ သုံးလုံးကို ထပ်မံ၍ စနစ်တကျဖြိုချဖျက်ဆီးခဲ့ ကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရား များဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံး နှင့် ဖောက်ခွဲ၍ဖျက်ဆီးမည့် အဆောက်အအုံ အလုံး ၂၀ တို့ကို အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဖြိုချဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
ယနေ့တွင် ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၅၇ လုံးအနက် သုံးထပ် လူနေအဆောက်အအုံ သုံးလုံးကို ယာဉ်ယန္တရားများအသုံးပြု၍ စနစ်တကျ ထပ်မံဖြိုချ ဖျက်ဆီးခဲ့ရာ ယနေ့အထိ စုစုပေါင်းအဆောက်အအုံ ၃၉ လုံးအား စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း နှင့် ဖျက်ဆီးရန်ကျန်ရှိသည့် တရားမဝင်အဆောက် အအုံ ၃၈ လုံးကိုလည်း ဆက်လက်၍ စနစ်တကျ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


