မာလေ ဇွန် ၇
မော်လ်ဒိုက်သမ္မတ မိုဟာမက်မွိုက်ဇူက ကျွန်းစုတစ်ဝန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအစီအစဉ်များကို အထောက်အပံ့ပေးနိုင်ရန် မော်လ်ဒိုက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၄၅၄၀၀၀ ကို ထပ်မံခွဲဝေပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာ PSM News က ဇွန် ၇ ရက်တွင် ဖော်ပြထားသည်။
ကမ္ဘာ့ပတ်ဝန်းကျင်နေ့ဖြစ်သည့် ဇွန် ၅ ရက်က ပြောကြားသည့် မိန့်ခွန်းတွင် သမ္မတက ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာ၌ အကြီးမားဆုံးစိန်ခေါ်မှုများအနက်တစ်ခုမှာ လုံလောက်သည့် ငွေကြေးအရင်းအမြစ်များ မရှိခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
နှစ်စဉ်ခွဲဝေပေးမည့်ရန်ပုံငွေမှာ သဘာဝပတ်ဝန်းကျင်ကဏ္ဍအတွက် ယခင်က သတ်မှတ်ခွဲဝေပေးထားသည့် ဘတ်ဂျက်အပြင် ထပ်မံဖြည့်စွက်ပေးသည့် ရန်ပုံငွေဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အဆိုပါရန်ပုံငွေဖြင့် သဘာဝထိန်းသိမ်းရေးနယ်မြေများနှင့် ယင်းနယ်မြေများရှိ တောရိုင်းတိရစ္ဆာန်များကို စီမံခန့်ခွဲထိန်းသိမ်းရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနလုပ်ငန်းများ၊ အများပြည်သူအသိပညာပေး အစီအစဉ်များ၊ နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ကျောင်းများက ဆောင်ရွက်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံကိန်းများအပါအဝင် အစီအစဉ်အမျိုးမျိုးကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


