အေသင်   ဇွန်   ၇

ဂရိနိုင်ငံ  အရှေ့ပိုင်းရှိ   အီးဗီးယားကျွန်း၌   ဇွန် ၇ ရက်က  ပြင်းအား  ၅ ဒသမ ၂ အဆင့်ရှိ ငလျင် လှုပ်ခတ်မှုဖြစ်ပွားပြီး အခြားငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ရာ နေအိမ်များပျက်စီးခြင်းနှင့်  မြေပြိုမှုများဖြစ်ပေါ်ခဲ့ကြောင်း ဂရိနိုင်ငံပိုင် ပြည်သူ့အသံလွှင့်ဌာန  အီးအာတီက ဖော်ပြသည်။

အေသင်မြေငလျင်နှင့် ဘူမိဗေဒဆိုင်ရာ အင်စတီကျု၏ ထုတ်ပြန်ချက်အရ အီးဗီးယားကျွန်း မြောက်ပိုင်းရှိ ပရိုကိုပီကျေးရွာအနီးတွင် မွန်းလွဲပိုင်းက ပြင်းအား ၄ ဒသမ ၈၊ ၄ ဒသမ ၃ နှင့် ၅ ဒသမ ၂ အဆင့်ရှိ ငလျင်များဆက်တိုက်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုများကို  မြို့တော်အေသင်အပါအဝင်  ဂရိနိုင်ငံအလယ်ပိုင်းဒေသများတွင်လည်း ခံစားခဲ့ရကြောင်း သိရသည်။

ဒေသဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်အရ ဒက်ဖ်နူဆာ၊ ပရိုကိုပီကျေးရွာနှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး လူနေအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် နေအိမ်အချို့တွင်  အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့ပြီး ကျောက်တံတိုင်းတစ်ခုလည်း ပြိုကျခဲ့ကြောင်း၊ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ယခုအချိန်အထိ ထိခိုက်ဒဏ်ရာရရှိသူ မရှိသေးကြောင်း သိရသည်။                                            

ဆင်ဟွာ