ဇော်ထွန်းအောင်
ကမ္ဘာ့မြောက်ဘက်အကျဆုံးဒေသဖြစ်သော မြောက်ဝင်ရိုးစွန်း (North Pole-North Latitude 90°) သည် အလွန်အေးစက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများစွာရှိသည့်နေရာတစ်ခုဖြစ်သည်။ ယင်းဒေသသို့ ထူးချွန်လူငယ်များသွားရောက်လေ့လာနိုင်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နိုင်ငံပိုင်အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” နှင့် Energy of the Future အဖွဲ့တို့က “Icebreaker of Knowledge Project International Competition 2025” ကို ပူးပေါင်းကျင်းပခဲ့ပါသည်။
အဆိုပါအစီအစဉ်သည် ၂၁ ရာစု သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ထူးခြားသော နိုင်ငံတကာ လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းတစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ ယင်း၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့အအေးစက်ဆုံးဒေသ (North Pole)တွင် လူငယ်များအား ယဉ်ကျေးမှုဖလှယ်ရေး၊ အချင်းချင်း နားလည်မှုတိုးမြှင့်ရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများကို တွေ့ကြုံလေ့လာစေရန် ဖြစ်သည်။ ထို့အပြင် နျူကလီးယားအဏုမြူစွမ်းအင်ဆိုင်ရာ ဗဟုသုတများကို လက်တွေ့လေ့လာခွင့် ရရှိစေရန်လည်း ရည်ရွယ်သည်။
ယင်းထူးခြားသော နိုင်ငံတကာခရီးစဉ်တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဒဂုံမြို့နယ်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်အေးမြသီတာနှင့် Grade (10) ကျောင်းသူ မအိမ့်သူသူခင်တို့ ရွေးချယ်ခံခဲ့ရသည်။ ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာကို ကိုယ်စားပြုသော မြန်မာ့ဂုဏ်ဆောင် သိပ္ပံသံတမန်များအဖြစ် တက်ရောက်ခွင့်ရရှိခဲ့သည်။
ဤနိုင်ငံတကာခရီးစဉ်တွင် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၂၀ မှ ထူးချွန် ကျောင်းသားလူငယ်များနှင့် သိပ္ပံပညာရှင်များ စုစုပေါင်း ၆၆ ဦး ပါဝင်ခဲ့သည်။ ၎င်းတို့သည် နျူကလီးယားစွမ်းအင်သုံး အဏုမြူရေခဲခွဲသင်္ဘောကြီးပေါ်တွင် မိမိတို့နိုင်ငံ၏အလံများကို ဂုဏ်ယူ ဝင့်ကြွားစွာ လွှင့်ထူခွင့်ရရှိခဲ့ကြပါသည်။ အဆိုပါ ခရီးစဉ်က လူငယ်များအတွက် ခေတ်မီသိပ္ပံနှင့် နည်းပညာဆိုင်ရာ အတွေ့အကြုံသစ်များကိုရရှိစေခဲ့သည်။ ထို့အပြင် အာကာသသိပ္ပံနှင့် အဏုမြူ နည်းပညာဆိုင်ရာ ဗဟုသုတများကိုလည်း လက်တွေ့လေ့လာခွင့်ရရှိခဲ့သည်။ နိုင်ငံအသီးသီးမှ လူငယ်များအကြား ချစ်ကြည်ရင်းနှီးမှု၊ အတွေ့အကြုံဖလှယ်မှုနှင့် အပြန်အလှန်နားလည်မှုများကိုလည်း တိုးမြင့်စေခဲ့ပါသည်။
ဤနိုင်ငံတကာခရီးစဉ်၏ ထူးခြားသော လှုပ်ရှားမှုများ၊ အတွေ့အကြုံများနှင့် အနှစ်သာရ များကို စာဖတ်သူပြည်သူများနှင့် လူငယ်လူရွယ်များ ပိုမိုနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ တင်ပြခြင်းဖြစ်ပါသည်။
ရန်ကုန်မှ မော်စကိုသို့ ခရီးစတင်ခြင်းနှင့် ဝန်ကြီးဌာနများ၏ ပူးပေါင်းပံ့ပိုးမှု
မြန်မာနိုင်ငံကိုယ်စားပြု ထူးချွန်ဆရာမနှင့် ကျောင်းသူတို့သည် ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာခဲ့ကြပြီး စင်ကာပူ နိုင်ငံရှိ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ယူအေအီးနိုင်ငံရှိ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ် တို့ကိုဖြတ်သန်းကာ ချိတ်ဆက်လေကြောင်းခရီးစဉ်များဖြင့် ခရီးဆက်ခဲ့ကြသည်။ ထို့နောက် ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ မြို့တော် မော်စကိုသို့ ရောက်ရှိခဲ့သည်။
မော်စကိုမြို့သို့ရောက်ရှိပြီးနောက် ခရီးစဉ်စတင်မည့် မြောက်ဘက်ရေခဲဒေသရှိ Murmansk မြို့သို့ ပြည်တွင်းလေကြောင်းခရီးစဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ကြသည်။ Murmansk မြို့သို့ ရောက်ရှိ ချိန်တွင် နိုင်ငံအသီးသီးမှ အဖွဲ့ခေါင်းဆောင်များ (Team Leaders)နှင့် တွေ့ဆုံခဲ့ကြပြီး ခရီးစဉ်အတွက် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြသည်။
“50 Let Pobedy” အဏုမြူရေခဲခွဲသင်္ဘောကြီးပေါ်မှ သိပ္ပံကမ္ဘာသစ် အတွေ့အကြုံများ
၂၀၂၅ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံအသီးသီးမှ ထူးချွန်ကျောင်းသား လူငယ်များသည် ရုရှားနိုင်ငံ၏ အဓိကနျူကလီးယား ဗဟိုချက်တစ်ခုဖြစ်သော Atomflot Nuclear Facility သို့ သွားရောက်လေ့လာခဲ့သည်။ ထို့နောက် ကမ္ဘာ့အဆင့်မြင့် နျူကလီးယားစွမ်းအင်သုံး အဏုမြူ ရေခဲခွဲသင်္ဘောကြီးဖြစ်သည့် “50 Let Pobedy” ပေါ်သို့တက်ရောက်ခဲ့ကြပါသည်။ ယင်းမှတစ်ဆင့် အာတိတ်သမုဒ္ဒရာ ရေခဲကမ္ဘာသို့ ဦးတည်သော သမိုင်းဝင်ခရီးစဉ်ကို စတင်ခဲ့ပါသည်။
အဆိုပါခရီးစဉ်တွင် မြန်မာ၊ အာမေးနီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လာရုစ်၊ ဘိုလီးဗီးယား၊ ဘရာဇီး၊ တရုတ်၊ အီဂျစ်၊ ဂါနာ၊ ဟန်ဂေရီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယား၊ နမီးဘီးယား၊ တောင်အာဖရိက၊ တူကီယဲ၊ ဥဇဘက် ကစ္စတန်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ် ထူးချွန်ကျောင်းသားလူငယ် ၂၀ ပါဝင်ခဲ့သည်။ ထို့အပြင် ရုရှားနိုင်ငံမှ ထူးချွန်ကျောင်းသား ၄၆ ဦး လည်း ပူးပေါင်းပါဝင်ခဲ့ပါသည်။ စုစုပေါင်း ထူးချွန် ကျောင်းသားလူငယ် ၆၆ ဦးက အဆိုပါ နိုင်ငံတကာ သိပ္ပံခရီးစဉ်တွင် လေ့လာခွင့်ရရှိခဲ့ကြပါသည်။
သင်္ဘောကြီးပေါ်တွင် နိုင်ငံတကာမှ အဆင့်မြင့် အဏုမြူပညာရှင်များနှင့် အင်ဂျင်နီယာများက အထူးဟောပြောပွဲများ ပြုလုပ်ခဲ့သည်။ ၎င်းတို့က နျူကလီးယားနည်းပညာ၊ ရူပဗေဒနှင့် ဓာတုဗေဒ ဆိုင်ရာ အခြေခံသဘောတရားများနှင့် အာတိတ်ဒေသ၏ ဂေဟစနစ်ဖွဲ့စည်းပုံနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းဆွေးနွေးမျှဝေပေးခဲ့ကြသည်။
ခရီးစဉ်အတွင်း ကျောင်းသားလူငယ်များသည် မိမိတို့နိုင်ငံ၏ အမျိုးသားအလံများကို ဂုဏ်ယူ ဝင့်ကြွားစွာလွှင့်ထူခဲ့ပါသည်။ နိုင်ငံအသီးသီးမှ လူငယ်များနှင့် အပြန်အလှန်တွေ့ဆုံမေးမြန်းခြင်း နှင့် အတွေ့အကြုံ ဖလှယ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ အုပ်စုလိုက် သိပ္ပံစမ်းသပ်မှုများ (Scientific Experiments) ကို လက်တွေ့ဆောင်ရွက်ခွင့်ရရှိခဲ့ကြသည်။ ယင်းလုပ်ငန်းစဉ်များ မှတစ်ဆင့် သိပ္ပံနည်းကျတွေးခေါ်နိုင်မှုနှင့် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်မှုစွမ်းရည်များကို မြှင့်တင် နိုင်ခဲ့ကြသည်။ အဆိုပါအစီအစဉ်များအပြင် “50 Let Pobedy” ရေခဲခွဲသင်္ဘောကြီး၏ သမိုင်းကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် အာတိတ်ဒေသ စူးစမ်းလေ့လာရေးဆိုင်ရာ အခန်းကဏ္ဍများကိုလည်း စိတ်ဝင်စားဖွယ် လေ့လာသင်ယူခွင့်ရရှိခဲ့ကြသည်။
မြောက်ဝင်ရိုးစွန်းသို့ ရောက်ရှိခြင်းနှင့် “Icebreaker of Knowledge 2025” အောင်မြင်မှု
ခရီးစဉ်၏ အထွတ်အထိပ်အောင်မြင်မှုကို ၂၀၂၅ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် ရရှိခဲ့ပါသည်။ နျူကလီးယားစွမ်းအင်သုံး အဏုမြူရေခဲခွဲသင်္ဘောကြီးသည် အာတိတ်သမုဒ္ဒရာ၏ ထူထပ်သောရေခဲပြင်များနှင့် သဘာဝစိန်ခေါ်မှုများကိုဖြတ်ကျော်ကာ ကမ္ဘာ့မြောက်ဘက် အကျဆုံးနေရာဖြစ်သည့် မြောက်ဝင်ရိုးစွန်းသို့ အောင်မြင်စွာရောက်ရှိခဲ့ပါ သည်။ ယင်းသည် ခရီးစဉ်တွင်ပါဝင်ခဲ့ကြသော လူငယ်များအတွက် မမေ့နိုင်သော သမိုင်းဝင်အခိုက် အတန့်တစ်ခုဖြစ်ခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ ထူးချွန်ကျောင်းသားလူငယ်များသည် အာတိတ် ရေခဲပြင်ပေါ်တွင် စုဝေးတွေ့ဆုံခဲ့ကြသည်။ ၎င်းတို့ သည် စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်လျက် “Icebreaker of Knowledge 2025 Expedition” Closing Ceremony ပိတ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြပါသည်။
အခမ်းအနားတွင် တာဝန်ရှိသူများက လူငယ်များ၏ ကြိုးစားအားထုတ်မှုနှင့် အောင်မြင်မှုများကို ဂုဏ်ပြုချီးကျူးခဲ့ကြသည်။ ထို့အပြင် ကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်ဖြတ်ကျော်နိုင်မည့် အနာဂတ် ခေါင်းဆောင်များအဖြစ် ဆက်လက်ကြိုးပမ်းကြရန် အားပေးစကားများပြောကြားခဲ့ပြီး ခရီးစဉ်တွင် အောင်မြင်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြသော လူငယ်များအား အောင်လက်မှတ်များကို စနစ်တကျ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဤအောင်မြင်မှုသည် မြန်မာနိုင်ငံမှ ပါဝင်ခဲ့သော ကျောင်းသားလူငယ်အတွက်လည်း အထူး ဂုဏ်ယူဖွယ်မှတ်တမ်းတစ်ရပ် ဖြစ်ပါသည်။ ၎င်း၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် နိုင်ငံတကာ အဆင့် ယှဉ်ပြိုင်နိုင်စွမ်းကို ကမ္ဘာ့စင်မြင့်ပေါ်တွင်သာမက ကမ္ဘာ့မြောက်ဘက်အကျဆုံးဒေသအထိ သက်သေပြနိုင်ခဲ့ပါသည်။ ထို့ကြောင့် “Icebreaker of Knowledge 2025” ခရီးစဉ်သည် မြန်မာ မျိုးဆက်သစ်လူငယ်တစ်ဦး၏ အရည်အချင်းနှင့် အလားအလာကို နိုင်ငံတကာအသိုက်အဝန်းသို့ ပြသနိုင်ခဲ့သည့် ဂုဏ်ယူဖွယ် အောင်မြင်မှုမှတ်တိုင် တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။
မော်စကိုမြို့ရှိ အဏုမြူပြတိုက်နှင့် သမိုင်းဝင်နေရာများသို့ လေ့လာခြင်း
မြောက်ဝင်ရိုးစွန်းခရီးစဉ်ကို အောင်မြင်စွာ ပြီးဆုံးပြီးနောက် မော်စကိုမြို့သို့ ပြန်လည်ရောက်ရှိကာ သြဂုတ်လ ၂၃ ရက်နေ့တွင် ရုရှားနိုင်ငံ၏ အဆင့်မြင့်နည်းပညာလေ့လာရေးဗဟိုဌာနတစ်ခုဖြစ်သော Atom Museum သို့ သွားရောက်လေ့လာခဲ့ကြသည်။ အဆိုပါပြတိုက်တွင် အဏုမြူစွမ်းအင်နှင့် နျူကလီးယားနည်းပညာဆိုင်ရာ ပြခန်းများကို စနစ်တကျ လေ့လာခွင့်ရရှိခဲ့သည်။ ခေတ်မီအဏုမြူ ရေခဲခွဲသင်္ဘောများ၏ မော်ဒယ်လ်များကိုလည်း အနီးကပ် ကြည့်ရှုလေ့လာနိုင်ခဲ့ကြသည်။ ထို့အပြင် အဏုမြူစွမ်းအင်ထုတ်လုပ်ပုံနှင့် လည်ပတ်ပုံစနစ်များကို လေ့လာခဲ့ကြပါသည်။ နျူကလီးယား ဓာတ်ပေါင်းဖိုပုံစံများ၊ အထူးသဖြင့် Water Pressurized Reactor စနစ်များအကြောင်းကိုလည်း အသေးစိတ်သိရှိခွင့်ရရှိခဲ့ကြပါသည်။
ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းအင်စီးပွားရေးဆိုင်ရာပြခန်းများကို လေ့လာ ခဲ့ကြပြီး ယင်းလေ့လာမှုများမှတစ်ဆင့် နည်းပညာ ဆိုင်ရာဗဟုသုတများနှင့် အဖိုးတန်လေ့လာရေး မှတ်တမ်းများကို စုဆောင်းနိုင်ခဲ့ကြပါသည်။ ထို့အပြင် မော်စကိုမြို့ရှိ ကမ္ဘာကျော်သမိုင်းဝင်နေရာ Red Square၊ State Historical Museum နှင့် Eternal Flame အထိမ်းအမှတ်နေရာတို့ကို သွားရောက် ကြည့်ရှုလေ့လာခဲ့ကြသည်။
ထို့နောက် The Cathedral of Christ the Saviour ဘုရားကျောင်းတော်ကြီးနှင့် Moscow State University ၏ ရှုခင်းကြည့်စင်များသို့လည်း သွားရောက်လေ့လာခဲ့ကြပါသည်။ ခရီးစဉ်အတွင်း မြောက်ဝင်ရိုးစွန်းလေ့လာရေးခရီးနှင့် သက်ဆိုင်သည့် နည်းပညာပိုင်းဆိုင်ရာ တွေ့ဆုံမေးမြန်းခန်း များကိုလည်း ရိုက်ကူးတင်ဆက်ခဲ့သည်။ ယင်းအစီအစဉ်များမှတစ်ဆင့် ခရီးစဉ်အတွေ့အကြုံများ နှင့် သိပ္ပံနည်းပညာဆိုင်ရာ လေ့လာတွေ့ရှိချက်များကို ပိုမိုကျယ်ပြန့်စွာ မျှဝေနိုင်ခဲ့ကြပါသည်။
ခရီးစဉ်မှရရှိခဲ့သည့် အကျိုးကျေးဇူးများနှင့် အနာဂတ်ပြိုင်ပွဲများအတွက် အကြံပြုချက်
“Icebreaker of Knowledge 2025” ခရီးစဉ်ကို ပြန်လည်သုံးသပ်ကြည့်ပါက မြန်မာလူငယ်အတွက် ပညာရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အဖိုးတန် အတွေ့အကြုံများစွာကို ရရှိစေခဲ့ကြောင်း တွေ့ရပါ သည်။ အထူးသဖြင့် ကမ္ဘာ့မြောက်ဘက်အကျဆုံး ဒေသဖြစ်သော မြောက်ဝင်ရိုးစွန်းသို့ သွားရောက်ကာ နျူကလီးယားစွမ်းအင်သုံး အဏုမြူရေခဲခွဲသင်္ဘော ကြီးပေါ်တွင် လက်တွေ့လေ့လာခွင့်ရရှိခဲ့ခြင်းမှာ ရှားပါးသည့် အတွေ့အကြုံတစ်ရပ်ဖြစ်ပါသည်။ ယင်းအတွေ့အကြုံသည် လူငယ်များ၏ သိပ္ပံနှင့် နည်းပညာအပေါ် စိတ်ဝင်စားမှုကို ပိုမိုမြင့်မားလာ စေခဲ့ပါသည်။
ထို့အပြင် မြန်မာနိုင်ငံကိုယ်စားပြုကျောင်းသူ မအိမ့်သူသူခင်သည် ကမ္ဘာ့မြောက်ဘက်အကျဆုံး မြောက်ဝင်ရိုးစွန်း (North Latitude 90°)တွင် မြန်မာနိုင်ငံတော်အလံကို ဂုဏ်ယူဝင့်ကြွားစွာ လွှင့်ထူ နိုင်ခဲ့ပါသည်။ ယင်းသည် မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာ ကို နိုင်ငံတကာစင်မြင့်ပေါ်တွင် မြှင့်တင်ပေးနိုင်ခဲ့ သည့် မှတ်တမ်းကောင်းတစ်ရပ်ဖြစ်သလို မြန်မာလူငယ်များ၏ အရည်အချင်းနှင့် အလားအလာကို ကမ္ဘာသို့ပြသနိုင်ခဲ့သည့် ဂုဏ်ယူဖွယ်အောင်မြင်မှု တစ်ခုလည်းဖြစ်ပါသည်။
ခရီးစဉ်အတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၂၀ မှ ထူးချွန် ကျောင်းသားလူငယ်များနှင့် အတူတကွ သင်ယူ လေ့လာခွင့်ရရှိခဲ့ပါသည်။ ယဉ်ကျေးမှုဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်းနှင့် အပြန်အလှန် နားလည်မှုတိုးမြှင့်ခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” နှင့် သက်ဆိုင် ရာဝန်ကြီးဌာနများ ပူးပေါင်းဖော်ဆောင်ခဲ့သည့် မြောက်ဝင်ရိုးစွန်း သိပ္ပံလေ့လာရေးခရီးစဉ်သည် မြန်မာမျိုးဆက်သစ် ကျောင်းသားလူငယ်များအတွက် အလွန်တန်ဖိုးရှိသော နိုင်ငံတကာသိပ္ပံ အတွေ့အကြုံတစ်ရပ်ဖြစ်ပါသည်။ ယင်းခရီးစဉ်သည် လူငယ်များ၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာ စိတ်ဝင်စားမှုကို မြှင့်တင်ပေးနိုင်ခဲ့သကဲ့သို့ နိုင်ငံတကာအမြင် ကျယ်ပြန့်လာစေရန်လည်း အထောက်အကူပြုခဲ့ပါသည်။
“Icebreaker of Knowledge 2026” (၃) ကြိမ်မြောက် ပြိုင်ပွဲကြီးအခွင့်အလမ်း
“Icebreaker of Knowledge 2025” အစီအစဉ် သည် မြန်မာလူငယ်များအတွက် သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ အဖိုးတန်အတွေ့အကြုံများကို ဖန်တီးပေးနိုင်ခဲ့ပြီး မြန်မာကျောင်းသူ မအိမ့်သူသူခင်က မြောက်ဝင်ရိုးစွန်းတွင် မြန်မာနိုင်ငံတော်အလံကို လွှင့်ထူကာ နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်ခဲ့သည်။ ယင်း အောင်မြင်မှုကို ဆက်လက်အကောင်အထည်ဖော် နိုင်ရန် ROSATOM အဖွဲ့အစည်းက “Icebreaker of Knowledge 2026” နိုင်ငံတကာသိပ္ပံပြိုင်ပွဲကို ထပ်မံကျင်းပမည်ဖြစ်ပြီး အသက် ၁၄ နှစ်မှ ၁၆ နှစ် အကြား လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ ထူးချွန်သူ ၁၀ ဦးအား ၂၀၂၆ ခုနှစ် သြဂုတ်လတွင် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောဖြင့် မြောက်ဝင်ရိုးစွန်းသို့ ၁၀ ရက်ကြာ အခမဲ့ သိပ္ပံလေ့လာ ရေးခရီးစဉ် သွားရောက်ခွင့်ရရှိမည်ဖြစ်ပြီး ယင်းသည် မြန်မာမျိုးဆက်သစ်လူငယ်များအတွက် ကမ္ဘာ့အဆင့် သိပ္ပံနှင့်နည်းပညာလောကသို့ တက်လှမ်းနိုင် မည့် ထူးခြားသော အခွင့်အလမ်းတစ်ရပ်ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့် ယနေ့ခေတ်တွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လူသားအရင်းအမြစ် အရည်အသွေးနှင့် သိပ္ပံနည်းပညာစွမ်းရည်များပေါ်တွင် များစွာမူတည်လျက်ရှိပါသည်။ ထို့ကြောင့် ကျောင်းများ၊ တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများအနေဖြင့် ယင်းကဲ့သို့သော နိုင်ငံတကာသိပ္ပံပြိုင်ပွဲများနှင့် လေ့လာရေးအစီအစဉ်များကို ဆက်လက်အားပေး မြှင့်တင်ဖော်ဆောင်ရ ပါမည်။ လူငယ်များကိုလည်း သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (STEM) ဘာသာရပ်များတွင် ပိုမိုပါဝင်လာစေရန် အားပေးပံ့ပိုးသင့်ပါသည်။
ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာမျိုးဆက် သစ်လူငယ်များသည် ခေတ်မီသိပ္ပံပညာရပ်များနှင့် အဏုမြူစွမ်းအင်ဆိုင်ရာ အသိပညာများကို ပိုမိုကျယ်ပြန့်စွာ လေ့လာဆည်းပူးနိုင်မည်ဖြစ်သည်။ ထို့အပြင် တီထွင်ဖန်တီးနိုင်စွမ်း၊ ဆန်းစစ်တွေးခေါ် နိုင်စွမ်းနှင့် နိုင်ငံတကာအဆင့် ယှဉ်ပြိုင်နိုင်စွမ်းများ လည်း တိုးတက်မြင့်မားလာစေမည်ဖြစ်ပါသည်။ အနာဂတ်တွင် မြန်မာလူငယ်များသည် မိမိတို့၏ဘဝ တိုးတက်ရေးအတွက်သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နိုင်ကြ မည်ဖြစ်သည်။ နောင်အနာဂတ်တွင် ၎င်းတို့သည် နည်းပညာခေတ်၏ လိုအပ်ချက်များနှင့်ကိုက်ညီသော အသိပညာ၊ အရည်အချင်းနှင့် ခေါင်းဆောင်မှုစွမ်းရည် များကို ပိုင်ဆိုင်ကာ ကမ္ဘာ့စင်မြင့်ပေါ်တွင် ယှဉ်ပြိုင်နိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်ခေါင်းဆောင် များအဖြစ် ပေါ်ထွန်းလာကြမည်ဖြစ်ပါသည်။
မြန်မာမျိုးဆက်သစ် ကျောင်းသားလူငယ်များ၏ သိပ္ပံစွမ်းရည်၊ ဖန်တီးနိုင်စွမ်းနှင့် ထူးချွန်ထက်မြက်မှု များသည် အနာဂတ် ကမ္ဘာ့စင်မြင့်ပေါ်တွင် ဆက်လက် တောက်ပလျက် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ။


