ဇွန် ၉

အမေရိကန် လေကြောင်းလိုင်းများသည် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဖြစ်ပွားမှု ရက်ပေါင်း ၁၀၀ ကျော် ကြာမြင့်လာချိန်တွင် ဧပြီလအတွင်း လောင်စာဆီကုန်ကျစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံနီးပါး ပေးချေခဲ့ရကာ ယခင်လနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်းကျော် မြင့်တက်လာပြီး  ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၇၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု အမေရိကန် သယ်ယူပို့ဆောင်ရေး စာရင်းအင်းဗျူရို ဘီတီအက်စ် (BTS) ၏ ပြောကြားချက်အရ သိရသည်။

ဧပြီလတွင် ဂျက်လေယာဉ်လောင်စာဆီတစ်ဂါလံလျှင် ၄ ဒသမ ၁၁ ဒေါ်လာ ကုန်ကျခဲ့ပြီး မတ်လကထက် ၉၄ ဆင့်နှင့် ယခင်နှစ်ကထက် ၁ ဒသမ ၈၁ ဒေါ်လာ မြင့်တက်လာခဲ့သည်ဟု ဘီတီအက်စ်၏ နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာလေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း  အိုင်အေတီအေ (IATA) ကဇွန် ၇ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် လေကြောင်းလိုင်းများသည် ယခုနှစ်တွင် စုစုပေါင်း အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံ ရရှိမည်ဟု ခန့်မှန်းထားရာ ယခင်ခန့်မှန်းထားသည့်ပမာဏထက် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ လျော့နည်းနေကြောင်း ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာတစ်ဝန်းရှိ လေကြောင်းလိုင်း ၃၇၀ ကျော်ကို ကိုယ်စားပြုသည့် အိုင်အေတီအေက ခရီးသည်တစ်ဦးလျှင်ရရှိမည့် အသားတင်အမြတ်ငွေသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၀ ရှိခဲ့ရာမှ ယခုနှစ်တွင် ၄ ဒသမ ၅၀ ဒေါ်လာအထိ ကျဆင်းသွားမည်ဟု  ခန့်မှန်းထားသည်။

အီရန်ပဋိပက္ခနှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာခြင်းသည် လေကြောင်းလိုင်းများ၏ အလားအလာကို ပိုမိုဆိုးရွားစေခဲ့သည်ဟု အိုင်အေတီအေ၏ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို