နေပြည်တော် ဇွန် ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီး များနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

 

နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် ပြည်သူများတွင် ဥစ္စာဓနများ ပေါများခြင်းပင်ဖြစ်

ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့၏ အဓိကလုပ်ငန်းမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက်လည်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် ပြည်သူများတွင် ဥစ္စာဓနများ ပေါများစေခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဥစ္စာဓနများပေါများစေရေးအတွက် အစိုးရနှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များက ဆောင်ရွက်ပေးရသည်များရှိသကဲ့သို့ ပြည်သူလူထုအနေဖြင့်လည်း ကိုယ်တိုင်ကိုယ်ကျ ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် စိန်ခေါ်မှုများစွာရှိနေပြီး လိုအပ်ချက်များလည်းရှိကြောင်း၊ အစိုးရ၏အားနည်းချက် များကို အမြဲပြင်ဆင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

မကြာမီရက်ပိုင်းအတွင်းက မိမိအနေဖြင့် တောင်ငူဒေသသို့သွားရောက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နွေစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်နေမှု၊ သီးနှံပင်များအတွက် အလွယ်တကူသုံးစွဲနိုင်သည့် တန်ဖိုးနည်းသဘာဝပိုးသတ်ဆေးနှင့် အာဟာရဖျော်ရည်များ ထည့်သွင်းမြေပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပါးခွံမီးသွေးထုတ်လုပ်မှု သရုပ်ပြသခြင်းတို့ကို သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရေး လိုအပ်ချက်များရှိနေသေးသည်ကို တွေ့ရှိရကြောင်း၊ ခရိုင်များအလိုက် ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း များကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေး နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်ပညာသင်ယူကြစေရေး အားပေးတိုက်တွန်း ဆောင်ရွက်စေလိုကြောင်း။

 

မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့ကိုနှိုင်းယှဉ်ပါက မွေးမြူရေးကဏ္ဍတွင် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအားနည်းလျက်ရှိနေသည်ကို တွေ့မြင်ရကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှသာလျှင် ပြည်သူများအနေဖြင့် အသား၊ ငါး၊ နို့နှင့် ဥအမျိုးမျိုးတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကိုလိုအပ်သည့် ပမာဏအလိုက် မျှမျှတတ စားသုံးနိုင်ရန်လိုကြောင်း၊ ထိုသို့ စားသုံးနိုင်မှသာလျှင် ကျန်းမာကြံ့ခိုင်သန်စွမ်းသည့် ကိုယ်ခန္ဓာနှင့် ကျန်းမာရေးညီညွတ်မျှတမှုကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ အသား၊ ငါးတို့ကို စားသုံးခြင်းမှရရှိလာမည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း မှန်မှန်ကန်ကန်သိရှိနိုင်ရေးနှင့် ပြည့်ပြည့်ဝဝစားသုံးတတ်စေရေး အသိပညာပေးခြင်းများလည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို အောင်မြင်မှုရှိစေရေးနှင့် ပြည်တွင်းစားသုံးမှုဖူလုံမှုရှိစေရေး၊ အသား၊ ငါး များအား ပြည်ပသို့ တင်ပို့နိုင်ရေး စနစ်တကျ ကြိုးစားအားထုတ်ဆောင်ရွက်သွားကြရန်လိုကြောင်း။

 

ကျောင်းနေအရွယ်ကလေးငယ်အားလုံး ကျောင်းနေနိုင်ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြစေလို

ပညာရေးနှင့်ပတ်သက်၍ ယခုအခါကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ယနေ့အချိန်အထိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင် ကျောင်းသား ကျောင်းသူ ၆ ဒသမ ၇ သန်းကျော် ကျောင်းအပ်နှံခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျောင်းအပ်ရာခိုင်နှုန်းများ တိုးတက် လာသည်ကိုတွေ့ရှိရကြောင်း၊ ကျောင်းနေအရွယ် ကလေးငယ်အားလုံး ကျောင်းနေနိုင်ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တပိတ်ထားရသည့်ကျောင်း များအား ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပြီး ကျောင်းနေရာခိုင်နှုန်းများတိုးတက်အောင် ဆောင်ရွက် သွားကြရန်လိုကြောင်း။

 

အခြေခံပညာကျောင်းများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စံကိုက်ကျောင်းများဖြစ်ရန်လိုကြောင်း၊ သို့မှသာ ပညာသင်ကြားမှုများ အဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းအဆောက် အအုံများ တည်ဆောက်ရာတွင် သတ်မှတ်ချက်များနှင့်အညီ တည်ဆောက်ရန်နှင့် ရေရှည်အတွက် Master Plan များ စနစ်တကျ ရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ စာသင်ကျောင်းများ စနစ်တကျ ဖြစ်စေရေး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အစိုးရအဖွဲ့များအနေဖြင့် ဆောင်ရွက်သွားကြစေလို ကြောင်း၊ မိမိတို့အနေဖြင့် အဆင့်မီသည့်ပညာရေးစနစ်ကို ဆောင်ရွက်ရာတွင် ရုပ်ပိုင်းဆိုင်ရာများ စနစ်တကျဖြစ်ရန်လိုသကဲ့သို့ သင်ကြားရေးပိုင်းဆိုင်ရာများကိုလည်း စနစ်တကျဖြင့် ထိထိရောက်ရောက် သင်ကြားပြသပေးနိုင်ရန် လိုကြောင်း၊ ထိုကဲ့သို့ မှန်ကန်ထိရောက်သည့် ပညာရေးဖွံ့ဖြိုး တိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆောင်ရွက်ထားရှိမှသာ နောင် ၁၀ နှစ်ခန့်တွင် နိုင်ငံအတွက်အသီးအပွင့် များကို ခံစားနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် အခြေခံကောင်းများရှိပြီးဖြစ်သည့် မျိုးဆက်သစ်များ ထွက်ပေါ်လာမည်ဖြစ်ကြောင်း။

 

ပညာရေးတွင် မူလတန်းအဆင့်ပညာရေးရှိသူ၊ အလယ်တန်းအဆင့်ပညာရေးရှိသူ၊ အထက်တန်းအဆင့် ပညာရေးရှိသူဟူ၍ သုံးပိုင်းတွေ့ရမည်ဖြစ်ပြီး ၎င်းတို့အဆင့်အလိုက် ဆောင်ရွက်၍ရနိုင်သည့် လုပ်ငန်းများ ကိုလည်းခွဲခြမ်း၍ ရနိုင်မည်ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် ပညာရေးအားနည်းသူများသည် သာမန်အလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရပြီး မိမိတို့နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်ရှိ ကြောင်း၊ ၎င်းတို့အတွက် လုပ်ငန်းခွင်ဆိုင်ရာသင်တန်းများကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလယ်တန်းအဆင့်ရှိသူများသည်လည်း အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်၍ ကန့်သတ်ချက်များ ရှိမည်ဖြစ်ကြောင်း၊ ပညာရေးအရအဆင့်မြင့်တန်းအဆင့်တွင် ရှိသူများအနေဖြင့် အလုပ်အကိုင်များစွာ ရှိမည်ဖြစ်ပြီး ၎င်းတို့၏ ကြိုးစားအားထုတ်မှုများအလိုက် နယ်ပယ်အသီးသီးတွင် အောင်မြင်သူများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တိုင်းပြည်၏ပညာရေးကိုမဖြစ်မနေ အဆင့်မြှင့် တင်နိုင်ရေး ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ပညာရေးအဆင့်မြှင့်တင်မှုကို အထောက်အကူပြုရန် အတွက် တက္ကသိုလ်များအားလုံးတွင် ဥပဒေဘွဲ့နှင့် စီးပွားရေးဆိုင်ရာဘွဲ့များကို သင်ကြားစေခဲ့ကြောင်း၊ ထိုသို့သင်ကြားပေးခြင်းဖြင့် ဥပဒေအမြင်နှင့် စီးပွားရေးအမြင်များရှိလာမည်ဖြစ်ကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပညာနှင့် စီးပွားရေးပညာတတ်ကျွမ်းသူများ ပေါကြွယ်ဝစွာမွေးထုတ် ပေးခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ အခြားဘာသာရပ်များ အလိုက်လည်း ထူးချွန်သည့်သူများကို မွေးထုတ်ပေးနိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း။

 

MSME လုပ်ငန်းသည် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့်ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းဖြစ်

နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပကတိအခြေအနေနှင့်ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းမှာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများဖြင့် MSME ကုန်ထုတ် လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်း အမြစ်များသည် MSME လုပ်ငန်းများအတွက် မဖြစ်မနေလိုအပ်ကြောင်း၊ ပြီးခဲ့သည့်နှစ်များမှစတင်၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာသည်ကိုတွေ့ရကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သကဲ့သို့ MSME ကုန်ထုတ်လုပ်ငန်းများကိုလည်း နိုင်ငံ၏ အဓိက စီးပွားရေးမောင်းနှင်အားတစ်ခုဖြစ်လာအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ၏အခြေအနေအရ MSME ကိုဗဟိုပြု၍ နိုင်ငံ၏စီးပွားရေးကို မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ အကြီးစားစီးပွားရေးလုပ်ငန်းများဖြစ်သည့် သံနှင့် သံမဏိလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် နည်းပညာဆိုင်ရာပစ္စည်းများ၊ မော်တော်ယာဉ်ထုတ်လုပ်ခြင်းများ စသည့် နည်းပညာကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများကို အဆင့်မြင့်ပညာပြီးဆုံးပြီးဖြစ်သည့် ပညာတတ်လူသားအရင်းအမြစ်များဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

 

စက်မှုကုန်ထုတ်လုပ်ငန်းများတိုးတက်လာမှသာ နိုင်ငံ၏ GDP လည်းတိုးတက်လာမည်

နိုင်ငံအတွင်းရှိ ပုဂ္ဂလိကပိုင်စက်ရုံများ၊ နိုင်ငံပိုင်စက်ရုံများအားလုံး စဉ်ဆက်မပြတ်လည်ပတ်နေရန်လိုပြီး ကုန်ထုတ်စွမ်းအားများ ပြည့်မီအောင် ဆောင်ရွက်နေရန်လိုကြောင်း၊ စက်ရုံများလည်ပတ်မှုမရှိဘဲ ရပ်နားထားရခြင်းသည် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများပင်ဖြစ်ကြောင်း၊ စက်မှုကုန်ထုတ် လုပ်ငန်းများတိုးတက်လာမှသာ နိုင်ငံ၏ GDP လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လုပ်ငန်းဆောင်ရွက်မှုစွမ်းပကားများ မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်မှ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း။

 

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် မြေနှင့်ရေကို အကျိုးရှိစွာအသုံးချ

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ရေကိုအကျိုးရှိစွာဖြင့် စနစ်တကျအသုံးချရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် စိုက်ပျိုးရေနှင့် အောင်ရေရရှိရေးသည် အလွန်အရေးကြီးကြောင်း၊ နိုင်ငံတော်တွင် ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့် သဘာဝအရင်းအမြစ်များဖြစ်သော မြေနှင့်ရေတို့ကို အကျိုးရှိရှိနှင့်မှန်မှန်ကန်ကန် အသုံးချနိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပညာရှင်များဖြင့် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူတစ်ဦးကဲ့သို့ စဉ်းစား၍ ဂရုစိုက်ဆောင်ရွက်ကြရန်လိုပြီး လူတစ်ဦးရှင်သန်ရေး၊ ကျန်းမာကြံ့ခိုင်ရေးတို့အတွက် လိုအပ်သည့် ရေ၊ အစားအစာနှင့် ကျန်းမာရေးဂရုပြုမှုများ အမြဲမပြတ် ဆောင်ရွက်ပေးရန်လိုသကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းတွင်လည်း ထိုနည်းတူပင်ဖြစ်ကြောင်း၊ မြေကိုတန်ဖိုးရှိစွာဖြင့် အသုံးချရန်လိုပြီး မြေဆီမြေဩဇာများ ကောင်းမွန်အောင် မြေကိုပြုပြင်ဆောင်ရွက်ခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ မြေဆီဩဇာကောင်းနှင့် ရေအရင်းအမြစ်ရရှိနိုင်ရန် ခက်ခဲသည့်နိုင်ငံများ၌ပင် ခေတ်မီနည်းပညာများ ကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။

ရေကိုအကျိုးရှိစွာအသုံးချရန်နှင့်ပတ်သက်၍ မိမိတို့တစ်နိုင်ငံလုံးရှိ မြစ်ချောင်းများမှ စီးဆင်းလာသည့် ရေများ၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပြန်လည်အသုံးချနိုင်ပြီး ကျန်ရှိသည့် ၈၀ ရာခိုင်နှုန်းခန့်မှာ အသုံးပြု နိုင်မှုမရှိသေးသည်ကို အချက်အလက်များအရသိရှိရကြောင်း၊ အဆိုပါရေများကို စိုက်ပျိုးရေးလုပ်ငန်းများ နှင့် အခြားအကျိုးရှိသည့်နေရာများတွင် အသုံးချနိုင်ရန်လိုကြောင်း၊ အပြည့်အဝအသုံးချနိုင်ရန်အတွက် ရေသိုလှောင်ထိန်းသိမ်းရန် နေရာများလိုအပ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝဆောင်ရွက်နိုင်ရန် ကန့်သတ်ချက်များရှိနေသည့် အချို့ဒေသများ၌ မြစ်ချောင်းများအနီး တရားမဝင်ရွှေတူးဖော်သည့်လုပ်ငန်းများကို အလွန်အကျူးလုပ်ဆောင်လာမှုများကြောင့် မြစ်ချောင်းများ တိမ်ကောခြင်း၊ နုန်းပို့ချမှုများပြားခြင်းနှင့် ရေစီးကြောင်းပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဒေသအလိုက်မှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နိုင်ငံ၏အဖိုးတန် ရေသယံဇာတများ ပျက်စီးမှုမရှိစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေး၊ ရေကြီးရေလျှံခြင်းများ မဖြစ်ပေါ်စေရေး တို့အတွက် တရားမဝင် ရွှေတူးဖော်ခြင်းလုပ်ငန်းများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်သွားရန် လိုကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့်လည်း မိမိတို့ဒေသအလိုက် တရားမဝင်ရွှေတူးဖော်ခြင်းများ လုပ်ဆောင်မှုမရှိစေရေး သက်ဆိုင်ရာသို့ သတင်းပေးပို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့အကျိုးစီးပွားကို ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းနိုင်ရန်လိုကြောင်း၊ နိုင်ငံအတွင်းရှိ မြစ်ချောင်းများ၌ နုန်းဆယ်ခြင်း လုပ်ငန်းများ၊ ရေအရင်းအမြစ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး ရေသယံဇာတ ကို အကျိုးရှိရှိ အသုံးချသွားနိုင်ရေး စီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြစ်ချောင်းများ၌ မြေအောက်တမံများတည်ဆောက်၍ ရေအရင်းအမြစ်များကို ထိန်းသိမ်းနိုင်ပြီး မြေဆီ၏အစိုဓာတ်ကို ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်ရေအရင်းအမြစ် များကို လုံလောက်စွာရရှိနိုင်မည်ဖြစ်ကြောင်း၊ ရေသုံးစွဲရာတွင် အဟောသိကံ အသုံးပြုခြင်းမဖြစ်စေဘဲ ရေသုံးစွဲမှုများကို စနစ်တကျဖြစ်အောင် ဆောင်ရွက်တတ်သည့် ပညာရပ်များကို အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများအပါအဝင် စာသင်ကျောင်းများ၌ သင်ကြားပေးသွားကြ ရန်လိုကြောင်း၊ ရေအရင်းအမြစ်များကို အကျိုးရှိရှိစီမံအသုံးချနိုင်မှုမရှိဘဲ အထက်မှအောက်သို့စီးဆင်းကာ မြစ်ချောင်းများအတွင်း စီးဝင်ခြင်း၊ ထိုမှတစ်ဆင့် ပင်လယ်အတွင်းသို့ရောက်ရှိသွားခြင်းသည် နိုင်ငံတော် အတွက် နစ်နာဆုံးရှုံးမှုတစ်ခုပင်ဖြစ်သည်ကို သိရှိနားလည်ကြရန်လိုကြောင်း။

 

နိုင်ငံတွင်းရှိ မြစ်များ၊ ချောင်းများအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း၊ သို့သော်လည်း ရေရှည် ဖြစ်ပေါ်လာမည့် အကျိုးရလဒ်ကို သိရှိနားလည်ခြင်းမရှိဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည့်အရေးကို မလိုလားကြသည့် ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်နေကြသူများ၏ စကားများကိုနားယောင်ကာ ကန့်ကွက်ခဲ့မှုများကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သင့်သည့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း စီမံကိန်းကြီးများသည် ယခုအချိန်အထိ နှောင့်နှေးနေရဆဲဖြစ်ကြောင်း၊ ကန့်ကွက်မှုများ မရှိခဲ့ပါက ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာဖြင့် ရရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရှည်ကိုမျှော်တွေး၍ အားလုံးက စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။

 

ဒေသအလိုက်မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ရန်လို

မွေးမြူရေးနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်တွင် မွေးမြူရေး ဇုန်များကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ဇုန်များအလိုက် သတ်မှတ်ထားသည့်အတိုင်း မွေးမြူ ထုတ်လုပ်နိုင်မည်ဆိုပါက ဒေသအတွင်း အသား၊ ငါး များ၏ ဈေးနှုန်းများမှာ ထိုက်သင့်သလောက်ကျဆင်း လာမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းသည် အရင်းအနှီးကြီးမားသည်ဖြစ်သော်လည်း စနစ်တကျဖြင့် စီမံဆောင်ရွက်သွားမည်ဆိုပါက အကျိုးအမြတ်များစွာရရှိစေနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အလုပ်ကိုအမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အစိုးရအနေဖြင့် မြစ်ချောင်းများအတွင်းသို့ ငါးသယံဇာတများကို နှစ်စဉ်ထည့်သွင်းပေးလျက်ရှိကြောင်း၊ အားလုံးအမှန် တကယ် အလုပ်လုပ်ရန်လိုကြောင်း၊ တစ်ဖက်မှလည်း လုပ်ငန်းဆောင်ရွက်နိုင်သူများက မွေးမြူရေးဇုန် များကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထို့ကြောင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း။

 

မြေပြင်တွင်ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို အချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန် သိရှိအောင်ဆောင်ရွက်

လက်ရှိအချိန်တွင် ကျောင်းများဖွင့်လှစ်သင်ကြားလျက်ရှိနေပြီဖြစ်သဖြင့် သင်ကြားရေးဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံစွာဖြင့် စာပေသင်ကြားနိုင်ရန်လိုကြောင်း၊ အထူးသဖြင့် အဖျက်အမှောင့်လုပ်ငန်းများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ လုံခြုံရေးကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြေပြင်တွင် ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို အချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန် သိရှိအောင်ဆောင်ရွက် ထားရန်နှင့် အထက်ဌာနများသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် အခြေအနေမှန်များကို အချိန်နှင့်တစ်ပြေးညီသိရှိမှသာလျှင် အမြန်ဆုံးနှင့် အမှန်ကန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ အနေဖြင့်လည်း မိမိတို့ဝန်ကြီးဌာနအလိုက်၊ ဒေသများအလိုက် မြေပြင်တွင်ဖြစ်ပေါ်နေ သည့် အခြေအနေမှန်များကို သိရှိနားလည်အောင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ ထိတွေ့ဆက်ဆံခြင်း များဖြင့် ကွပ်ကဲကြပ်မတ် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းတင်ပြ

ထို့နောက် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

 

ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းများအချင်းချင်း ညီညွတ်မျှတစွာဖြင့် အထက်အောက်ကွပ်ကဲအုပ်ချုပ်သွားရန်လို

ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် ရွေးကောက်ခံ အစိုးရဖြစ်ပြီး ပြည်သူများကရွေးချယ်ထားသည့် ပြည်သူ့အစိုးရဖြစ်ကြောင်း၊ ပြည်သူများ၏ကိုယ်စား နိုင်ငံ့အကျိုးကိုထမ်းဆောင်ကြရမည့် ပြည်သူတို့၏ အကျိုးကိုဖော်ဆောင်ကြရမည့် အစိုးရဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုကောင်းစွာဖြင့် တာဝန်ထမ်းဆောင်သွား ကြရန်လိုကြောင်း၊ ပြည်သူ့ဆက်ဆံရေး ကောင်းမွန်ရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းများအချင်းချင်း ညီညွတ် မျှတစွာဖြင့် အထက်အောက်ကွပ်ကဲ အုပ်ချုပ်သွားရန်လိုကြောင်း၊ ပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများအား ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရ မည်ဖြစ်သော်လည်း မလိုလားအပ်ဘဲ ပြည်သူတို့အပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်လည်း ဂရုပြု ဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်ပတ်သက်၍ ကောင်းစွာသိရှိ နားလည် နေရမည်ဖြစ်သကဲ့သို့ ဝိုင်းဝန်းအကောင် အထည်ဖော် ဆောင်ရွက်ကြရန်လည်းလိုကြောင်း။

 

သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းသည် လုပ်ငန်းတစ်ခုအောင်မြင်မှုရှိစေရေး အတွက် ကြိုတင်လေ့လာဆန်းစစ် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ လက်တွေ့ဆောင်ရွက်နိုင်သည် များကို သုတေသနပြု ဆောင်ရွက်သွားရန်လိုပြီး အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း၊ စက်မှုလက်မှု၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုအပါအဝင် ပညာရေးလုပ်ငန်းများနှင့်ပတ်သက်၍ လက်တွေ့ အသုံးချနိုင်သည်များကို အမြဲဆန်းစစ်သုတေသနပြုလုပ်နေရန်လိုကြောင်း၊ သုတေသနလုပ်ငန်းများကို ဝန်ကြီးဌာနများအားလုံးက အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း။

 

ဘဏ္ဍာငွေများ အသုံးချမှုနှင့်ပတ်သက်၍လည်း ခွင့်ပြုပေးထားသည့်ဘဏ္ဍာငွေများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် မှန်မှန်ကန်ကန်နှင့်အကျိုးရှိရှိ အသုံးချနိုင်ရန်လိုကြောင်း၊ အသုံးချနိုင်မှုမရှိဘဲ ပိုလျှံ ရန်ပုံငွေစာရင်းသို့ ပြန်လည်အပ်နှံခြင်းသည် နိုင်ငံအတွက် နစ်နာဆုံးရှုံးမှုပင်ဖြစ်ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေများအား သတ်မှတ်ကာလအတွင်း သုံးစွဲနိုင်မှုမရှိပါ ကလည်း ဆောလျင်စွာပြန်လည်အပ်နှံသွားရန်လိုပြီး ထိုသို့ဆောင်ရွက်မှသာ အခြားနိုင်ငံတော်အတွက် လိုအပ်သည့်နေရာများ၌ လွှဲပြောင်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ ကောင်းမွန်စေရေး၊ လမ်းပန်းဆက်သွယ်မှုများကောင်းမွန်စေရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ဝန်ဆောင်မှုကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းတို့ဖြင့် ဘဏ္ဍာငွေများကို အကျိုးရှိရှိအသုံးချသွားကြရန်လိုကြောင်း၊ ထို့ပြင် ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေများအား အလွဲသုံးစား ခြင်းများ မရှိစေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးစစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်နေသည် များရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း လုံခြုံရေးပိုင်းဆိုင်ရာအရ စစ်ဆေးကြပ်မတ်ခြင်းသာ ဖြစ်ရန်လိုပြီး ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်လိုကြောင်း၊ လုံခြုံရေးအရ၊ တရားမဝင် ကုန်စည်စီးဆင်းမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့အရ စစ်ဆေးခြင်းများ ဆောင်ရွက်သည်ကို လက်ခံ၍ရသော်လည်း တရားမဝင် ငွေကြေးကောက်ခံခြင်းများ မဖြစ်ရန်လိုကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း စနစ်တကျဖြင့် စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း။

 

နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် လစာနှုန်းထားနှင့် ထောက်ပံ့ ကြေးများကို ပေးထားကြောင်း၊ သို့ဖြစ်၍ ငွေကြေးအလွဲသုံးစားခြင်း၊ လုပ်ပိုင်ခွင့်အာဏာများကို မလျော်မညီအသုံးချ၍ ငွေကြေးရယူခြင်း၊ ကောက်ခံခြင်းများ လုပ်ဆောင်ခြင်းမပြုကြရန်လိုကြောင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်လည်း မိမိတို့တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားကို လိုလားမှုဖြင့် လုံခြုံရေးဆောင်ရွက်နေသူများ၊ နိုင်ငံ့ဝန်ထမ်းများကို ငွေကြေးပေးလာဘ်ထိုးခြင်းများဖြင့် မဖျက်ဆီးကြရန်လိုကြောင်း၊ လာဘ်ပေးလာဘ်ယူခြင်း၊ ငွေကြေးအလွဲသုံးစားခြင်း၊ လုပ်ပိုင်ခွင့်အာဏာကို မလျော်ညီစွာ အသုံးပြုခြင်းတို့ဖြင့် အားကောင်းသော နိုင်ငံတော်အစိုးရတစ်ရပ်၏ပုံရိပ်ကို ထိခိုက်ကျဆင်း စေပြီး နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကိုလည်း ထိခိုက်ပျက်စီးစေနိုင်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့ဝန်ထမ်းများ အားလုံး အဂတိတရားကင်းရှင်းမှုရှိစေရေး ဆောင်ရွက်သွားကြရန်နှင့် ကြပ်မတ်ကွပ်ကဲရန် တာဝန်ရှိသူ များအနေဖြင့်လည်း စနစ်တကျ ကွပ်ကဲကြပ်မတ်သွား ကြရန်လိုကြောင်း။

 

နိုင်ငံတစ်နိုင်ငံတွင် အဓိကအားဖြင့် စီးပွားရေးအားကောင်းရန်လိုပြီး စီးပွားရေးအားကောင်းမှသာလျှင် ငွေကြေးခိုင်မာမှုရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်၏ ငွေကြေးကို ခိုင်မာအောင် လုပ်ဆောင်ပေးရမည်ဖြစ်ပြီး စီးပွားရေးအရ အားကောင်းလာစေရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန် တွင် နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အရှိန်အဟုန်ကောင်းကောင်းဖြင့် ခိုင်ခိုင်မာမာလျှောက်လှမ်းနေပြီဖြစ်ကြောင်း၊ လုပ်ဆောင်ချက်များအားလုံးကို မရေမရာဖြင့်စမ်းတဝါးဝါး ဆောင်ရွက်နေခြင်းမဟုတ်ဘဲ တိကျခိုင်မာသည့် ဦးတည်ချက်၊ ရည်မှန်းချက်များထားရှိပြီး မိမိတို့ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများဖြင့် အကောင်းဆုံးအသုံးချ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့အပါအဝင် တာဝန်ရှိသူများအားလုံးအနေဖြင့် မိမိတို့သက်ဆိုင်ရာ တာဝန်ယူထား ရသည့် လုပ်ငန်းများအားလုံး အောင်မြင်မှုရှိစေရေး အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်