သုတေသီတစ်ဦး (NSA)
ယနေ့အချိန်အခါတွင် ကျောင်းသားလူငယ်များနှင့် ဆရာ ဆရာမများသည် ဒီဂျစ်တယ်စာကြည့်တိုက် (Digital Library) များ၏ ကွန်ပျူတာဖန်သားပြင်ထက်တွင် ကမ္ဘာ့အဆင့်မီ သုတေသနစာတမ်းများနှင့် ကိန်းဂဏန်းအချက်အလက်များကို ကလစ်တစ်ချက်နှိပ်ရုံမျှဖြင့် စက္ကန့်ပိုင်းအတွင်း ဝင်ရောက်လေ့လာနိုင်နေကြပြီဖြစ်သည်။
၎င်းတို့၏ စိတ်ကူးစိတ်သန်းများကိုလည်း သုတေသနနှင့် တီထွင်ဆန်းသစ်မှုဗဟိုဌာန (Centre for Research and Innovation - CRI) များတွင် ပြည်သူတို့၏ အခြေခံလူမှုစီးပွားဘဝပြဿနာများကို တိုက်ရိုက်ကူညီဖြေရှင်းပေးနိုင်မည့် လက်တွေ့အသုံးချသုတေသနများအဖြစ် ဖော်ထုတ်တင်ပြခွင့် ရရှိလာကြပြီဖြစ်သည်။ ဤပြောင်းလဲမှုအခွင့် အလမ်းကောင်းများသည် ပညာရေးဝန်ကြီးဌာနက ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကာလတိုစီမံချက်နှင့်အတူ ပေါ်ထွန်းလာခြင်းပင်ဖြစ်သည်။
တက္ကသိုလ်တစ်ခု၏ ဂုဏ်ဒြပ်နှင့် စွမ်းဆောင်ရည်သည် စာပေသင်ကြားပေးရုံမျှဖြင့် မပြည့်စုံနိုင်ဘဲ နိုင်ငံတကာအဆင့်မီ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းအပေါ်တွင် များစွာတည်မီနေသည်။ အဆင့်မြင့်ပညာကဏ္ဍတွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှု အရည်အသွေးမြင့်မားလာစေရန်၊ သုတေသနအခြေပြု သင်ယူလေ့လာမှုစနစ် ထွန်းကားလာစေရန်၊ ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု၊ သုတေသနကောင်းများ ပေါ်ထွက်လာစေရန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) များ ရှင်သန်ကြီးထွားရေးအတွက် အထောက်အပံ့ကောင်းများဖြစ်စေရန် ရည်ရွယ်၍ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဗဟိုဌာန (CRI) များကို ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် Naypyitaw State Academy တို့တွင် ရှေ့ပြေးတက္ကသိုလ်များအနေဖြင့် စတင်တည်ထောင်ဆောင်ရွက်နေပြီဖြစ်သည်။
သုတေသနပရောဂျက် ၂၄ ခုကို စတင်လုပ်ဆောင်
အဆိုပါ ရှေ့ပြေးတက္ကသိုလ်ကြီး သုံးခုတွင် ထိရောက်သော အပြောင်းအလဲနှင့် ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန် ဘာသာရပ်ဌာနအသီးသီးမှ မတူကွဲပြားသည့် ရှုထောင့်အမျိုးမျိုးတို့ဖြင့် ပေါင်းစပ်ကာ သုတေသနပရောဂျက် စုစုပေါင်း ၂၄ ခုကို အရှိန်အဟုန်ဖြင့် စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။ ဤသုတေသနလုပ်ငန်းစဉ်များသည် သီအိုရီများကို အခြေခံ၍ လေ့လာဆန်းစစ်တွေ့ရှိချက်များကို စာတမ်းအဖြစ် တင်ပြရုံသက်သက်မျှ မဟုတ်ဘဲ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမဏ္ဍိုင်ဖြစ်သော ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အထောက် အပံ့ပေးနိုင်မည့် လက်တွေ့အသုံးချသုတေသန (Applied Research) များအဖြစ် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
အဆိုပါ သုတေသနလုပ်ငန်းစဉ်များတွင် အချိန်တိုအတွင်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ထိရောက်သော ရလဒ်ကောင်းများ (Quick Win) ရရှိစေရန်အတွက် လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်း ပံ့ပိုးပေးလျက်ရှိသည်။ သုတေသနတစ်ခု၏ အရည်အသွေးသည် လက်တွေ့စမ်းသပ် လုပ်ဆောင်မှုများအပေါ် တည်မီနေသဖြင့် သုတေသနလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် လိုအပ်သော ဓာတ်ခွဲခန်းအခြေခံအဆောက်အအုံ၊ စက်ပစ္စည်းနှင့် ကိရိယာများကို လျင်မြန်စွာရရှိရေးအတွက် အထူးဦးစားပေး ဖြည့်ဆည်းပေးနေသည်။
ထို့ပြင် ခေတ်မီဆန်းသစ်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေမည့် သုတေသန နယ်ပယ်သစ်များကို ဖော်ထုတ်လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာရည်ညွှန်း စာအုပ်များ၊ သုတေသနစာတမ်းများကို ဖတ်ရှုလေ့လာနိုင်ရန်နှင့် မှန်ကန်ပြည့်စုံသော ကိန်းဂဏန်း အချက်အလက်များ ရရှိရန်မှာ အလွန်အရေးကြီးသည်။ သို့ဖြစ်ရာ သုတေသီ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံတကာ ရည်ညွှန်းစာအုပ်များ၊ သုတေသနဂျာနယ်များ၊ ကိန်းဂဏန်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်လေ့လာခွင့်ရရှိစေရန် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။
Telecom International Myanmar Co., Ltd. (MyTel) ၏ ပံ့ပိုးကူညီမှုဖြင့် ဒီဂျစ်တယ်စာကြည့်တိုက်များကို ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် Naypyitaw State Academy တို့တွင် အောင်မြင်စွာ တည်ထောင် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ထိုဒီဂျစ်တယ် စာကြည့်တိုက်များတွင် သုတေသီများသည် မိမိတို့လိုအပ်သော စာပေအထောက်အထားများနှင့် နိုင်ငံတကာ အဆင့်မီသုတေသနများကို အလွယ်တကူ ရှာဖွေဖတ်ရှုခွင့် ရရှိနေကြပြီဖြစ်သည်။
လူသားအရင်းအမြစ်များ၏ အရည်အသွေးသည်လည်း အလွန်အရေးကြီး
နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ဘဏ္ဍာငွေဖြည့်ဆည်းမှုသာမက လူသားအရင်းအမြစ်များ၏ အရည်အသွေးသည်လည်း အလွန်အရေးကြီးသည်။ ပညာရေးဝန်ကြီးဌာနက သုတေသနရလဒ်ကောင်းများ ထွက်ပေါ်စေရုံမျှမက ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ၏ သုတေသနစွမ်းရည်နှင့် ဆန်းသစ်တီထွင်နိုင်မှုစွမ်းရည်များ စဉ်ဆက်မပြတ် မြင့်မားလာစေရန် စနစ်တကျပြုစု ပျိုးထောင်ပေးလျက်ရှိသည်။
မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများအား ပြုစုပျိုးထောင်ပေးမည့် ဆရာ ဆရာမများကိုယ်တိုင် သုတေသနစွမ်းရည် ထက်မြက်နေစေရန်အတွက် သုတေသနနည်းစနစ်များ၊ ပညာရပ်ဆိုင်ရာ စာရေးသားနည်းများနှင့် စာရင်းအင်းဆိုင်ရာ စိစစ်မှု နည်းလမ်းများကို စနစ်တကျ အသုံးပြုနိုင်ရန် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ ထို့ပြင် ဆရာ ဆရာမများအနေဖြင့် ဘာသာရပ်အလိုက်သာမက ဘာသာရပ်ဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ သုတေသနလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော သုတေသနရန်ပုံငွေများကိုလည်း စနစ်တကျ လျာထားပံ့ပိုးပေးလျက်ရှိသည်။
တစ်ချိန်တည်းတွင် ကျောင်းသား ကျောင်းသူများအား ဆန်းသစ်တီထွင်နိုင်စွမ်းရှိသော လူငယ်ပညာရှင်များ ဖြစ်လာစေရန် သင်ရိုးညွှန်းတမ်းများတွင် သုတေသနအခြေခံဘာသာရပ်များ ထည့်သွင်းသင်ကြားပေးခြင်း၊ နောက်ဆုံးနှစ်တွင် ဘွဲ့ယူ စာတမ်း (Project paper) ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်၍ ရေးသားတင်သွင်းစေခြင်းတို့ဖြင့် လေ့ကျင့်ပေးလျက်ရှိသည်။ ထို့ပြင် ကျောင်းတွင်း စာတမ်းဖတ်ပွဲများနှင့် သုတေသနစကားဝိုင်းများတွင်လည်း ကျောင်းသားလူငယ်များကိုယ်တိုင် အဓိကဦးဆောင်ပါဝင်ခွင့်ပြုခြင်းဖြင့် ၎င်းတို့၏စွမ်းရည်ကို မြှင့်တင်ပေးလျက်ရှိသည်။
ဤသို့သော ဘက်စုံလေ့ကျင့်ပေးမှုများဖြင့် သုတေသနနှင့် ဆန်းသစ်တီထွင်နိုင်စွမ်းရှိသည့် အရည်အသွေးပြည့် လူ့စွမ်းအားအရင်းအမြစ်များကို နိုင်ငံတော်အတွက် အောင်မြင်စွာ မွေးထုတ်ပေးနိုင်တော့မည်ဖြစ်သည်။ ထို့ပြင် CRI များမှ ထွက်ပေါ်လာသည့် သုတေသနရလဒ်များကို နိုင်ငံတကာ သုတေသနဂျာနယ်များ၊ ပညာရပ်ဆိုင်ရာဂျာနယ် များတွင် ထည့်သွင်းဖော်ပြနိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာစာတမ်းဖတ်ပွဲများနှင့် ဆွေးနွေးပွဲများတွင် မြန်မာသုတေသီများ ရင်ပေါင်တန်းပါဝင်နိုင်မည့် အခွင့်အလမ်းကောင်းများ ပွင့်လန်းလာတော့မည်ဖြစ်သည်။
ယနေ့ခေတ်တွင် စီးပွားရေးလုပ်ငန်းများ ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိ၍ ရေရှည်ရှင်သန်နိုင်ရန်အတွက် ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုသည် အဓိကလိုအပ်ချက်ဖြစ်ရာ နိုင်ငံ့စီးပွားရေး၏ အသက်သွေးကြောဖြစ်သော အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) များအတွက် လိုအပ်သော နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများကို ထွက်ပေါ်လာမည့် သုတေသနရလဒ်များက ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်သည်။
ဈေးကွက်၏ လိုအပ်ချက်နှင့်ကိုက်ညီကာ လက်တွေ့အကျိုးရှိစေမည့် အသုံးချသုတေသနများ ပေါ်ထွန်းလာစေရန် တက္ကသိုလ်များနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအကြား Public Private Partnership (PPP) အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို မဖြစ်မနေလုပ်ဆောင်သွားရန် လိုအပ်သည်ဖြစ်ရာ တက္ကသိုလ်များရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဗဟိုဌာန (CRI) များသည် ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံရာ “အသိပညာဗဟိုချက်” (Knowledge Hub) များ ဖြစ်လာစေရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။
ဤဗဟိုဌာနတွင် ပညာရပ်ဆိုင်ရာ ဗဟုသုတ၊ အသိပညာနှင့် သုတေသနစွမ်းရည်ရှိသော သုတေသီ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် လက်တွေ့လုပ်ငန်းအတွေ့အကြုံရှိသော လုပ်ငန်းရှင်များ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခြင်းအားဖြင့် ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သော နိုင်ငံ့အကျိုးပြု သုတေသနရလဒ်သစ်များစွာ စဉ်ဆက်မပြတ် ပေါ်ထွက်လာမည်ဖြစ်သည်။ ဤလက်တွေ့အသုံးချ သုတေသနရလဒ်များသည် လူ့အဖွဲ့အစည်းအတွင်းရှိ ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း (Social Need)၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ပေးနိုင်ခြင်း (Environmental Need) နှင့် စီးပွားရေး လုပ်ငန်းများအတွက် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဆန်းသစ်မှုများကို ပံ့ပိုးပေးနိုင်ခြင်း (Business Need) ဟူသော အချက်ကြီးသုံးချက်ကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
ဒေသတွင်း MSME လုပ်ငန်းများကို တိုက်ရိုက်ပံ့ပိုးကူညီပေးနိုင်တော့မည်
ရှေ့ပြေးတက္ကသိုလ်ကြီးများမှ စတင်ခဲ့သော သုတေသနနှင့် တီထွင်ဆန်းသစ်မှုဗဟိုဌာန (CRI) များ၏ အောင်မြင်မှုကို နမူနာယူကာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များတွင်လည်း ဆက်လက်တိုးချဲ့ အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့ ဒေသအခြေအနေနှင့် ကိုက်ညီသော လက်တွေ့ကျသည့် သုတေသနရလဒ်ကောင်းများ ပေါ်ထွက်လာပြီး ဒေသတွင်း MSMEလုပ်ငန်းများကို တိုက်ရိုက်ပံ့ပိုးကူညီပေးနိုင်တော့မည်ဖြစ်သည်။
ထို့ပြင် တက္ကသိုလ်များမှ စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးလိုက်သည့် ဆန်းသစ်တီထွင် မှုစွမ်းရည်များဖြင့် မိရိုးဖလာလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် အဆင့်မြှင့်တင်မည့် မျိုးဆက်သစ် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင် (Entrepreneurs) များစွာ နိုင်ငံတစ်ဝန်းပေါ်ထွန်း လာနိုင်မည်ဖြစ်သည်။ ၎င်းတို့ ဖန်တီးတည်ထောင်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများနှင့် မိသားစုဝင်ငွေများ တိုးတက်ရရှိလာကာ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာမည်မှာ မုချဧကန်ပင်ဖြစ်သည်။
အချုပ်ဆိုရသော် ပညာရေးဝန်ကြီးဌာနက ကာလတိုအတွင်း ရလဒ်ကောင်းများ ထွက်ပေါ်စေရန် ဦးတည်ထားရုံမျှမကဘဲ အရည်အသွေးရှိ သုတေသနများ စဉ်ဆက်မပြတ် မွေးထုတ်ရေး၊ လူ့စွမ်းအား အရင်းအမြစ် အရည်အသွေးမြင့်မားရေးနှင့် နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဖိုးမဖြတ်နိုင်သော အခြေခံအုတ်မြစ်ကြီးကို ချမှတ်ပေးနေခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်သစ်ဆီသို့ ဦးတည်ချီတက်ရာတွင် အရှိန်အဟုန်ကောင်းမွန်လှသော အခြေခံ အုတ်မြစ်ကြီးဖြစ်သည့် ကာလတိုစီမံချက်မှသည် နိုင်ငံတော်သစ်ဖွံ့ဖြိုးတိုးတက်မှုဆီသို့ အတူတူ ရှေးရှုကြိုးပမ်းကြပါစို့ဟု လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။


